တနင်္သာရီ၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာအနီးမှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့ နယ် ပကဖအဖွဲ့က ထုတ်ပြန်ပါတယ်။

မြိတ်မြို့ကနေဆင်းလာတဲ့ စစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီးနောက် မိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထိနာစေခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တနင်္သာရီမြို့နယ်အခြေစိုက် စစ်‌ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိပေမယ့်လည်း ပူးပေါင်းအဖွဲ့တွေက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို တနင်္သာရီ ပကဖ၊ မြိတ် ပကဖ၊ ပုလော ပကဖ(အရိပ်ပြောက်ကျား)၊ မြိတ်ခရိုင် PDF တပ်ခွဲ (၁)နဲ့တပ်ခွဲ(၂) ပူးပေါင်းတပ်တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်အင်အားစုတွေက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း တနင်္သာရီအခြေစိုက် စစ်ကောင်စီ အမှတ် (၅၅၆) ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDFပုံစာ- ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.