တနင်္သာရီ၊ နိုဝင်ဘာ ၂၈
တော်လှန်ရေးအင်အားစုတွေ စီးနင်းတိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီဟာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးရှိ ထုံခါအကျဉ်းစခန်းတစ်ခုလုံးကို ပြောင်းရွှေ့သွားတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထံကနေ သိရပါတယ်။
တပ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ လုံခြုံရေးယာဉ်တန်းတွေနဲ့အတူ နိုဝင်ဘာ ၂၆ ရက်နေ့က ထုံခါအကျဉ်စခန်းရှိ ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကို မြိတ်မြို့နယ် ကျောက်ဖြူတောင်အကျဉ်စခန်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။
ထုံခါအကျဉ်းစခန်းဟာ စစ်ကောင်စီရဲ့ တနင်္သာရီစစ်ဗျူဟာနဲ့ ၃ မိုင်သာ ကွာဝေးပြီး လုံခြုံရေးမပေးနိုင်တာကြောင့် အကျဉ်းစခန်းတစ်ခုလုံး ပြောင်းရွှေ့သွားတာဖြစ်နိုင်တယ်လို့ KTLA – TCJF ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အကျဉ်းစခန်းပြောင်းရွှေ့စဉ် လုံခြုံရေးယူပေးခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းကို ရမ်းဖိုနဲ့ကမ်းတိုကျေး ရွာကြားမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထုံခါအကျဉ်စခန်းပတ်ဝန်းကျင်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပြီး အကျဉ်းစခန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲကျန်ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အကျဉ်းစခန်းထဲမှာ တပ်စွဲထားတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း ထုံခါအကျဉ်းစခန်းနဲ့ကမ္ဘောဇဆီအုန်းခြံအတွင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၃ ဦးထက်မနည်း သေဆုံးထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က နယ်မြေအများစုကို လက်လွှတ်ထားသလို မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် မြို့ပေါ်မှာ ခံစစ်အတွက် ပြင်ဆင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media