ကျိုက်မရော၊ နိုဝင်ဘာ ၂၈

စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွဒေသကို ပြန်လည်သိမ်းပိုက်စိုးမိုးနိုင်ဖို့နဲ့ မော်လမြိုင်ဘက်ခြမ်း စစ်မကျွံလာဖို့အတွက် တင်အင်အားအများပြား တိုးချထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအပြင် စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ချောင်းနှစ်ခွတံတားဂိတ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ချောင်းနှစ်ခွစခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့နောက် စစ်ကောင်စီတပ်ဟာ အဲဒီစခန်းကို ပြန်လည်သိမ်းပိုက်စိုးမိုးနိုင်ဖို့အတွက် လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကို ချောင်းနှစ်ခွဒေသမှာရှိတဲ့ ကျေးရွာတွေထဲ နေ့စဉ်ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြေပြင်ကနေတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး သေဆုံးမှုများပြားခဲ့သလို လက်နက်ချအညံ့ခံတာတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ချောင်းနှစ်ခွဒေသအနီးက စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေရှိကြတဲ့ တောင်ကလေး၊ ကဒါနဲ့ ဖနုံကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်အင်အားအများအပြား ရောက်ရှိလာခဲ့တာပါ။

ချောင်းနှစ်ခွဒေသထဲ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်မှာ စစ်ကိုင်းတိုင်းဘက်က တပ်တွေအပြင်ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်နဲ့ အမြောက်တပ်တွေလည်းပါဝင်ပြီး အင်အား ၄၀၀ ကျော်ရှိတယ်လို့ နယ်မြေသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အင်အားတိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ ကဒါ၊ တောင်ကလေး၊ ဦးလေ၊ ရဲမွန်၊ ကြံတော့နဲ့ဖနုံကျေးရွာတို့မှာ တပ်စွဲနေရာယူထားသလို ကဒါကျေးရွာမှာဆိုရင် လက်နက်ကြီးအမြောက် ၃ လက် ထက်မနည်း တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကျေးရွာတွေထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို သူတို့စခန်းတွေအနား မလာဖို့၊ ကျေးရွာမှ အပြင်ထွက်ခွာပါက သွားရောက်မယ့်နေရာနဲ့ ပြန်ရောက်မယ့် အချိန်တွေကအစ လက် မှတ်ထိုးပြီး သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေထဲကို တောင်ကလေးစခန်း၊ ကဒါစခန်း၊ မုဒုံအမြောက်တပ်ကနေတစ်ဆင့် နေ့စဉ်ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ကျေးရွာပေါင်း ၆ ရွာ ထက်မနည်းက ဒေသခံပြည်သူ သောင်းချီဟာ ရွာလုံးကျွတ်တိမ်းရှောင်နေခဲ့ရပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.