“စစ်တပ်အနေနဲ့ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေပြန်ပြီး တန်ပြန်ထိုးစစ်အနေအထားတောင် သူတို့လုပ်လို့မရသေးဘူး။ အခုချိန် ထပ်မံမဆုံးရှုံးဖို့အရေးကို သူတို့အာရုံစိုက်နေတယ်”
ညီနောင်မဟာသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံတဝန်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တပ်စခန်းရာနဲ့ချီ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းတိုက်ပွဲတွေမှာ လေကြောင်းအပြင် လက်နက်ကြီး အဆတန်အသုံးပြု တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကလည်း ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလက်စတာဗုံးတွေအပြင် အဆိပ်ဓာတ်ငွေ့ဗုံးလို့ ယူဆနိုင်တဲ့ ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
ဒါကြောင့် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဖျက်အားပြင်း လက်နက်အသုံးပြုမှုအခြေအနေ၊ ထပ်ဆင့် ပေါက်ကွဲစေတဲ့ ကလက်စတာဗုံးအသုံးပြုမှု၊ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးလင်းထက်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး လက်ရှိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သုံးနေတဲ့ ဖျက်အားပြင်း လက်နက်တွေက ဘာတွေရှိမလဲ။ နောက်ပြီး ဘယ်လိုလက်နက်တွေကို အများဆုံးအသုံးပြုလာတာ တွေ့ရပါသလဲ။
ဗိုလ်ကြီးလင်းထက်အောင် – တိုက်ပွဲတွေ ဆုံးရှုံးလာတဲ့အချိန် နယ်မြေတွေ ဆုံးရှုံးလာတဲ့အချိန်မှာ သူတို့အခုချိန် မှာ တာဝေးပစ်လက်နက်တွေပဲ သုံးစွဲတာကို ကျွန်တော်တို့ တွေ့ရတယ်။ အတွဲလိုက်ဒုံးတွေ၊ ဒုံးပစ်စင်တွေနဲ့ ပစ်ရတဲ့ဒုံးလက်နက်တွေ ဒါတွေကို အဓိကထား သုံးစွဲလာတာကို တွေ့ရတယ်။ အခုချိန်မှာ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပစ်ကူတွေနဲ့ပြန်ပြီး တိုက်ခိုက်နေရတယ်။ နောက်ပြီး သူတို့နယ်မြေလက်မလွှတ်ရရေး၊ ကရင်နီ၊ လွိုင်ကော်တို့လိုမျိုး ကျွန်တော်တို့ ရှမ်းမြောက်ဘက်က နယ်မြေတွေလိုမျိုး၊ ရခိုင်ဘက်က ရေတပ်ရဲ့ ပစ်ကူတွေကိုပါ အသုံးပြုပြီးသုံးစွဲလာတာတွေ တွေ့ရတဲ့အတွက် ကြည်း၊ ရေ၊လေ က ရနိုင်သမျှ ပစ်ကူစွမ်းအားတွေကို အသုံးပြုပြီး အခုချိန်မှာ ခံစစ်ကို ပြင်ဆင်နေတယ်လို့ ကျွန်တော်တို့က ပြောလို့ရတယ်။
သံလွင်တိုင်းမ် – အခုနောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလက်စတာ ဗုံးတွေအပြင် အဆိပ်ဓာတ်ငွေ့ဗုံးလို့ယူဆနိုင်တဲ့ ဗုံးတွေကိုပါ အသုံးပြုလာတယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်က အသုံးပြုလာနိုင်လား။
ဗိုလ်ကြီးလင်းထက်အောင် – စစ်ကောင်စီက ဖျက်အားပြင်းလက်နက်တွေကို သုံးနိုင်သလောက်သုံးနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ တာဝေးပစ်လက်နက်တွေကိုတော့ အဓိကထားသုံးစွဲတယ်။ စစ်တပ်က အဆိပ် ငွေ့ဗုံးတွေလိုဟာတွေကို သုံးစွဲလားဆိုတော့ ကျွန်တော်တို့လည်း သံသယရှိပါတယ်။ မြေပြင်မှာလက်တွေ့ ကျတော့ အထောက်အထား မရတာတွေက ပြောဖို့ဆိုဖို့ ခက်တယ်။ သူတို့ဆီမှာ အဆိပ်ငွေ့ဗုံးတွေ၊ ဓာတုလက်နက်တွေက သတင်းသဲ့သဲ့ပဲ ကြားပေမယ့် ကလက်စတာဗုံးတွေ ထုတ်တယ်။ လေတပ်တွေကို ဖြန့်ခွဲထားတယ်ဆိုတဲ့ သတင်းက ကျွန်တော်တို့ ရရှိပြီးသား ဖြစ်တယ်။ အဲဒါကြောင့်မို့ ကလက်စတာဗုံးက သုံးကောင်းသုံး နိုင်တယ်လို့ ပြောလို့ရပါတယ်။
သံလွင်တိုင်းမ် – စစ်ကောင်စီမှာရှိတဲ့ တိုက်ပွဲတွေမှာ ထုတ်မသုံးရသေးတဲ့ ဖျက်အားပြင်း ဘယ်လိုလက်နက်မျိုး တွေရှိသေးလဲ။ နယ်မြေတွေဆုံးရှုံးလာတော့ စစ်ကောင်စီက ဘယ်လိုတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်လာနိုင်တယ်လို့ ယူဆပါသလဲ။
ဗိုလ်ကြီးလင်းထက်အောင် – ပြည်ပနိုင်ငံက ဝယ်ယူထားတဲ့ လက်နက်တွေကတော့ ရှိဦးမယ်ပေါ့။ တရုတ်တို့၊ ရုရှားတို့ တခြားသော နိုင်ငံတွေပေါ့။ တခြားသောနိုင်ငံတွေက ဝယ်ထားတဲ့ လက်နက်တွေက သူတို့ဆီမှာ ရှိဦးမယ်။ ထုတ်မသုံးရသေးတဲ့ လက်နက်တွေလည်း ရှိဦးမယ်လို့ ကျွန်တော်တို့က ထင်တယ်။ ဘာတွေရှိလဲ အတိအကျ ကျွန်တော်အနေနဲ့ ပြောဖို့ခက်ပါတယ်။
သံလွင်တိုင်းမ် – စစ်ကောင်စီဘက်မှာလည်း ကျည်လိုအပ်ချက်တွေကို ကပစက အလျင်မှီအောင်ထုတ်နေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဗိုလ်ကြီးလင်းထက်အောင် – ကပစကထုတ်ထားတဲ့ ကျည်တွေက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိတဲ့ ရက်စွဲက ဒီနှစ်ရက်စွဲတွေဖြစ်နေတာ ကျွန်တော်တို့တွေပါတယ်။ သူတို့ဆီမှာလည်း ခဲယမ်းအခြေအနေကတော့ တော်တော်လေး လိုအပ်ချက်က တော်တော်မြင့်မားလာပြီဆိုတာ ကျွန်တော်တို့ ပြောရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တပ်က အခုချိန်တစ်နိုင်ငံလုံး စစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာ သူတို့ရဲ့ရှိနိုင်သမျှ ကျည်တွေကို အမြန် ထုတ်လုပ်သုံးစွဲနေရတဲ့ အခြေအနေတွေလည်း အများကြီးရှိတယ်လို့ ကြားသိရတယ်။ စစ်ကောင်စီရဲ့ ကပစ တပ်တွေကတော့ အခုချိန်မှာ ထုတ်နိုင်ဆဲအခြေအနေတော့ ရှိနေတယ်။ အဓိကအားဖြင့် ပြည်ပကို မှီခိုနေရတဲ့ လက်နက်ကုန်ကြမ်းတွေအပေါ်မှာတော့ အနည်းငယ်ထိခိုက်တွေတော့ ရှိလာတယ်။ ဒါပေမယ့် အလုံးစုံဖြစ်သွားတာတော့ မဟုတ်သေးဘူး။ အဲဒါကြောင့်မို့လည်း ကျွန်တော်တို့အနေနဲ့ကတော့ အခုချိန်မှာတော့ စစ်ကောင်စီရဲ့ ကပစတွေကတော့ လည်ပတ်လို့ရနေတဲ့ အခြေအနေရှိနေတယ် ဆိုတာကတော့ ကျွန်တော်တို့ အသေအချာ ပြောလို့ ရသေးတယ်။
သံလွင်တိုင်းမ် – လက်ရှိ တော်လှန်ရေးအခင်းအကျင်းဟာ ဘယ်လိုဆက်သွားနိုင်လဲ။ စစ်ကောင်စီဘက်ကရော စစ်ရေးအရ ဘာတွေဆက်လုပ်လာနိုင်လဲဆိုတာ သုံးသပ်ပေးပါဦး။
ဗိုလ်ကြီး လင်းထက်အောင် – အခုလက်ရှိ တော်လှန်ရေးအခင်းအကျင်းကတော့ တော်လှန်ရေးဘက်နေပြီးတော့ နယ်မြေဒေသအတော်များများမှာ အသာစီးရတယ်ဆိုတာတော့ ကျွန်တော်တို့ အသေအချာပြောလို့ရတယ်။ စစ် တပ်အနေနဲ့ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေပြန်ပြီး တန်ပြန်ထိုးစစ်အနေအထားတောင် သူတို့လုပ်လို့မရသေး ဘူး။ အခုချိန်ထပ်မံမဆုံးရှုံးဖို့အရေးကို သူတို့အာရုံစိုက်နေတယ်။ စစ်တပ်က အခုချိန်မှာ နေရာအတော်များများ မှာ ခံစစ်ပြင်နေရတဲ့ အနေအထားကို တွေ့ရတယ်။ အဓိကက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ကြီးတွေနဲ့ ရင်ဆိုင်နေရတဲ့ နယ်မြေတွေမှာ သတိထားပြီးတော့ စစ်ရေးကိုဆောင်ရွက်နေရတယ်လို့ ပြောလို့ရတယ်။
ဒါပေမယ့်လည်း သူတို့နှစ်ပေါင်းများစွာ ခံစစ်ကိုတည်ဆောက်ထားတာ ဖြစ်တယ်။ အဲဒီအခြေအနေတစ်ခုက တော့ သူတို့အတွက် အခိုင်အမာခံစစ်တွေကို တချို့နေရာမှာ လက်ရှိရှိနေဆဲ အနေအထားလို့ ပြောလို့ရတယ်။ တော်လှန်ရေးရဲ့ အနေအထားကလည်း အခုချိန်မှာ စစ်တပ်ရဲ့ ခံစစ်ကို တဖြည်းဖြည်းချိုးဖျက် လာနိုင်တာ ကိုတော့ ကျွန်တော်တို့ မြင်တွေ့နေရတယ်။ စစ်ကောင်စီဘက်တော့ အခုချိန်မှာ တန်ပြန်ထိုးစစ်ဆိုတာထက် သူတို့ရဲ့နယ်မြေ မဆုံးရှုံးရေးအတွက် ခံစစ်ကိုပဲ အဓိကထား ပြင်ဆင်မှာဆိုတာတော့ ကျွန်တော်တို့ တွေ့နေရ တယ်။ လက်ရှိအနေအထားမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီရဲ့ခံစစ်ကို ဘယ်လိုချိုး ဖျက်နိုင်မလဲ၊ ထိုးဖောက်နိုင်မလဲ ဆိုတာတော့ ကျွန်တော်တို့ပိုစဉ်းစားပြီး နည်းဗျူဟာကောင်းတွေနဲ့ ဆက်လက် ပြုလုပ်နိုင်မယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ လက်ရှိတိုက်ပွဲအတွင်းအသုံးပြုနေတဲ့ လက်နက်တွေဟာ ဘယ်လောက်ပြင်းထန်လဲဆိုတာ ပြောပြပေးပါဦး။
ဗိုလ်ကြီးလင်းထက်အောင် – သူတို့သုံးတဲ့လက်နက်တွေက ဒုံးလိုလက်နက်တွေ၊ အမြှောက်လက်နက်တွေ၊ သံ ချပ်ကာတို့ကို အဓိကထား သုံးစွဲတာကိုတော့ ကျွန်တော်တို့တွေ့ရတယ်။ ဒီဟာတွေရဲ့ ဖျက်အားပြင်း အခြေအ နေတွေကတော့ ထိထိရောက်ရောက် ရှိတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ တချို့နေရာတွေမှာဆို ပစ်ခတ် လိုက်တဲ့ အခြေအနေတွေကို ကြည့်ရတာ ကျင်းကြီးတွေဖြစ်သွားတာတို့၊ အဆောက်အဦးတွေဆို တော်တော် ပျက်စီးသွားတဲ့ အခြေအနေအရဆို တကယ်တမ်းသာ ပစ်မှတ်ကိုတိတိကျကျ ပစ်ခတ်နိုင်မယ်ဆိုရင် တော် တော်ကို ထုထည်ကြီးမားတဲ့ ပျက်စီးမှုတွေကို ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲလိုပစ်ခတ်နိုင်မှုမျိုးကို စစ်တပ်ဘက်က လုပ်နိုင်တာတော့ ကျွန်တော်တို့မတွေ့ရဘူး။ ဖျက်အားပြင်း ဘယ်လိုအခြေအနေရှိတယ်ဆိုတာတော့ ကျွန်တော်အနေနဲ့ ခက်လို့ပါဗျ။