လောင်းလုံး၊ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ကင်းလှည့်ပြီးပြန်လာတဲ့ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅နာရီခွဲအချိန်ခန့်က လောင်းလုံးမြို့အတွင်း ကင်းလှည့်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားတစ်စီးကို မြို့မရဲစခန်းအနီးမှာ လောင်းလုံးမြို့နယ် (ပကဖ)က ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ဗွီးဂိုကားထိုးရပ်သွားပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့သလို ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံမြို့နယ် (ပကဖ)ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့နယ်က လမ်းသွားလမ်းလာပြည်သူတွေကို မတရားဖမ်းဆီးစစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လောင်လုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင့် အမြန်ဆုံးခိုလှုံကြဖို့နဲ့ အရပ်သားပြည်သူတွေလည်း စစ်ရေးသတိအမြဲရှိကြဖို့ မြို့နယ် (ပကဖ)က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခံမှု ၇ ကြိမ် ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF