ရေး – နိုဝင်ဘာ ၂၇

မွန်ပြည်နယ် ရေးမြိုနယ် တောင်ချွန်ကြီးနဲ့ ဝက်တောင်မှာ ကင်းပုန်းဝပ် ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်တွေကို မောင်းသူမဲ့လေယာဉ်ငယ်တွေ အသုံးပြုပြီး ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီ ကင်းပုန်းတပ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝေဟင်ကနေ လက်နက်ကြီး ၆၀ မမ ဗုံး ၆ လုံးချပြီး နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကင်းပုန်းဝပ်နေတဲ့ နေရာတွေထံ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေါနစစ်ကြောင်း စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဗုံးချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်သေဆုံးတာတွေ ရှိကြောင်း သိရပေမယ့် မြေပြင်အခြေအနေ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ YAF အပါအဝင် တနင်္သာရီ TPLF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ဆင်ရေးကြာချိန် တစ်နာရီခွဲရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးပြီးနောက် ရေးတောင်တကြောမှာ ကင်းပုန်းဝပ်နေရာ ယူတာတွေ ရှိလာခဲ့တာပါ။

ရေးမြို့ပေါ်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်ပြီး ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်ထားသလို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.