ဘန်ကောက်၊ နိုဝင်ဘာ ၂၈
တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပျံ့နှံ့ကူးစက်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို ကြိုတင်တားဆီးနိုင်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်အသက်ရှုလမ်းကြောင်းရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ကူး စက်ရောဂါဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆွေးနွေးပွဲကျင်းပခဲ့တာပါ။
ကူးစက်ရောဂါထိန်းချုပ်ဖို့ ပထမအဆင့်အနေနဲ့ စောင့်ကြည့်ရေးဖြစ်ပြီး ကျန်းမာရေး အာဏာပိုင်တွေဟာ ခရီးသွားဧည့်သည်တွေ လာရောက်တဲ့ ခရိုင်ဒေသန္တရတွေရဲ့ ဆေးရုံတွေမှာ နမိုးနီးယား ဖြစ်စဉ်ကို စောင့်ကြည့်ဖို့၊အကြောင်းအရင်းမသိတဲ့ ရောဂါဖြစ်စဉ်တွေကို အစီရင်ခံဖို့နဲ့ လူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် နမိုးနီးယား ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပုံသဏ္ဍန်မမှန်တဲ့ အခြေအနေ တွေ့ရှိလာပါက အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ထပ်မံ စစ်ဆေးဖို့ ဓာတ်ခွဲမှုရယူရမှာ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ ပြည်သူတွေဟာ နှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ လက်ကိုမကြာခဏဆေးဖို့ဖြစ်ပြီး တတိယအချက်မှာ ကုသရေးနဲ့ ပတ်သက်ပြီး ဆေးရုံတွေဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဆေးဝါး၊ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို ပြင်ဆင်ပေးဖို့နဲ့ အသက် ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုမြင့်တက်လာပါက ဆေးရုံတွေမှာ ကုတင်လုံလောက်စွာ ပြင်ဆင်ဖို့ ပါဝင်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ နိုင်ငံတကာမှ ရောက်လာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှု ဖြစ်ပေါ်နေသူတွေကို စစ်ဆေးမှုတင်းကျပ်သွားမယ်လို့ ဆိုထားပါတယ်။
အမျိုးနာမည်မသိရသေးတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကိုကာကွယ်ဖို့ အသိပေးထားပြီး ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အလွန်အမင်းမကြောက်ကြဖို့လည်း ထိုင်းပြည်သူတွေကိုအသိပေးထားသလို တရုတ်နိုင်ငံကိုလည်း အနီးကပ်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ တရုတ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဖျားနာမှုမြင့်တက်လာတာကို စောင့်ကြည့်ထားတဲ့ အချက်အလက်တွေကို အောက်တိုဘာလတည်းက လက်ခံရရှိထားတယ်လို့ အသိပေးထားပါတယ်။
နိုဝင်ဘာလအလယ်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးကော်မရှင်က နိုင်ငံအတွင်းမှာရှိတဲ့ ကလေးငယ်တွေမှာ အဓိကဖြစ်ပေါ်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး အစီရင်ခံထားတယ်လို့ သိရပါတယ်။
တရုတ်အစိုးရကြုံတွေ့နေရတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဟာ ကိုဗစ်ကန့် သတ်ချက်တွေ ရုတ်သိမ်းပြီးနောက် တခြားကူးစက်ရောဂါတွေဖြစ်ပေါ်တက်တဲ့ ဆောင်းရာသီ အချိန်နဲ့ တိုက်ဆိုင်နေတာဖြစ်ပါတယ်။
Ref Thai PBS World