ဂန့်ဂေါ – နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် ကန်ကျေးရွာ အခြေစိုက် ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဂန့်ဂေါ ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာ စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပြီး အဲဒီစခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချအညံ့ခံဖို့ ညှိနှိုင်းမှုတွေရှိခဲ့ဖူးကာ စစ်ကောင်စီဘက်က ဖိအားပေးတာတွေရှိခဲ့တဲ့အတွက် စခန်းစွန့်ခွာခဲ့ကြတာပါ။

“ည ရှစ်နာရီလောက်ကစခန်းကို စွန့်ခွာသွားတာပါ။ ဂန့်ဂေါ ခ.လ.ရ ၅၀ က ဗိုလ်မှူးကြီးအဆင့် ထင်တယ် ဗိုလ်မျိုးဝင်းသူကိုယ်တိုင်ကာခေါ်သွားတာ။ အဲဒီစခန်းက လက်နက်ချဖို့လုပ်ပြီးသား။ စစ်ကောင်စီက လေကြောင်းကနေ သတိပေးပစ်ခတ်လို့ လက်နက်မချဘဲနဲ့ ခုလိုမျိုး စခန်းစွန့်ခွာ သွားတာ။ စခန်းစွန့်ခွာတယ်ဆိုတာထက် ခ.လ.ရ ၅၀ ကလာခေါ်တာမျိုးပေါ့။” လို့ ဂန့်ဂေါမြို့နယ် ပကဖ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကန်ကျေးရွာရဲစခန်းက ထွက်ခွာသွားတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ လက်ရှိအချိန် မှာတော့ ကျောက်ဂူတောရကျောင်းကို ရောက်ရှိနေပြီဖြစ်သလို ဂန့်ဂေါမြို့မှာရှိတဲ့ ခ.လ.ရ ၅၀ ကို ပြောင်းရွှေ့တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်တာတွေရှိနေပါတယ်။

ဂန့်ဂေါအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ စစ်ကောင်စီစွန့်ခွာထွက်ပြေးသွားတဲ့ ကန်ရွာရဲစခန်းကို နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိထားတယ် လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဂန့်ဂေါမှာ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေး အင်အားစုတွေက မကြာခဏတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပြီး နိုဝင်ဘာလ အတွင်း ဂန့်ဂေါမှာ စစ်တပ်ပိုင် ရဲစခန်း ၃ ခုအထိသိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကိုသိမ်းပိုက်ပြီးနောက် တောင်ခင်ရန်းရဲစခန်းနဲ့ ကန်ရွာရဲစခန်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (ဂန့်ဂေါ မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးထားစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.