ကိုးကန့်၊ နိုဝင်ဘာ ၂၆
တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးအဖြစ် Nationwide Operation ဟာ မိမိတို့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာ နောက်တစ်ဆင့်တက်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကာင်စီတပ်ကို အထိနာစေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့ကနေ အောက်တို ဘာနှောင်းပိုင်းမှာ စစ်ကြေညာချက်နဲ့အတူ တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ထိုးစစ်ဆင်နွှဲလာတာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်လပြည့်တော့မှာပါ။
ညီနောင်သုံးဖွဲ့တို့ စစ်ရေးလှုပ်ရှားရာဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး သတ်မှတ်ထားတဲ့စစ်ကောင်စီရဲ့ အရေးပါတဲ့ နေရာတွေ၊ စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေတဲ့ နေရာတွေ၊ ရန်သူ့လက်နက်ကြီးကုန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး နောက်တစ်ဆင့်တက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေကိုပဲ စောင့်ကြည့်လိုက်ပါလို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ပြောခွင့်ရ လီကျာဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့အချိန်ကနေ ဒီကနေ့အထိ သမိုင်းဝင်စစ်ဆင်ရေးတွေကို တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ပြီး ပေးဆပ်မှုများစွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်ကာ တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ ဘုံရည်မှန်းချက်တွေကို စည်းလုံးညီညွတ်စွာ တစ်ဆင့်ချင်း အကောင်အထည်ဖော်နေတယ်လို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်ရှိကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာကို ရွှေ့ ပြောင်းကြဖို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတိပေးလာပါတယ်။
MNDAA ဘက်ကလည်း လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံဆီ အမြန်ဆုံးပြန်ကြဖို့အပါအဝင် လောက်ကိုင်မြို့နေ အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းတွေနဲ့ အမြန်ဆုံး ဝေးဝေးနေကြဖို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
လီကျာဝင်းကတော့ MNDAA အနေနဲ့ လောက်ကိုင်မြို့ကို ဝန်းရံထားတဲ့ အနေအထားမှာရှိပြီး တုန်းရှမ်းဒေသမှာ လောက်ကိုင်တစ်မြို့သာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့တော့ လောက်ကိုင်မြို့ကို ဝန်းရံထားနိုင်တဲ့ အနေအထားမှာ ရှိပြီ။ ပြီးတော့မနေ့ကလည်း (နိုဝင်ဘာ ၂၄) ကိုးကန့်ခရိုင် တုန်းရှမ်းဒေသမှာရှိတဲ့ နောက်ဆုံးတောင်ကုန်းတစ်ခုကိုလည်း ကျွန်တော်တို့ သိမ်းပိုက်ထားနိုင်ပြီ။ ဆိုတော့ တုန်းရှမ်းဒေသမှာတော့ လောက်ကိုင်မြို့တစ်မြို့ပဲ ကျန်ပါတော့တယ်ဗျ”လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အနေနဲ့ ကိုးကန့်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး တစ်လနီးပါးအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ်ပေါင်း ၁၇၀ ကျော် တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
အလားတူ ညီနောင်သုံးဖွဲ့ထဲက ကျန်ရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA တို့ကလည်း ရှမ်းမြောက်နဲ့ ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းကြီးငယ် ပေါင်း ၉၀ ကျော် သိမ်းပိုက်ရရှိထားပါတယ်။
စစ်ဆင်ရေးအောင်မြင်မှုတွေနဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးကနေ Nationwide Operation တစ်နိုင်ငံလုံးကလူတိုင်း ပါဝင်တဲ့စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာမှသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မှာဖြစ်တာကြောင့် ဒီစစ်ဆင်ရေးကြီးထဲ လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြဖို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်