မော်လမြိုင်၊ နိုဝင်ဘာ ၂၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်ကောင်စီ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တာ မရှိသလို လက်ရှိကာလဟာ တွေ့ဆုံဆွေးနွေးရမယ့်အချိန်မဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရဦးနေဘုန်းလတ်က တုံ့ပြန်လိုက်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားက ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာ့အရေးပြဿနာဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေပြုလုပ်လာဖို့၊ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်ထည်ဖော်နိုင်ဖို့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးကို NUG အစိုးရနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ၊ ဒီမိုကရေစီလိုလား သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားကတော့ ဒီအစည်းအဝေးဟာ မြန်မာအရေး အကျပ်အတည်းဖြေရှင်းရေး အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာနိုင်တဲ့ အပြုသဘောဆောင်တဲ့ အစည်းအဝေးတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က NUG ရဲ့ သဘောထား မှတ်ချက်တောင်းခံရာမှာ ဦးနေဘုန်းလတ်က အခုလိုတုံ့ပြန်ပါတယ်။
“ NUG အနေနဲ့ ဘယ်စကစရဲ့ ကိုယ်စားလှယ်နဲ့မှ တွေ့ဆုံခဲ့တာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုအတွက် ညှိနှိုင်းခဲ့တာလည်း မရှိပါဘူး။ အခုအချိန်ဟာ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မဟုတ်ပါဘူး။ ဒီဂျာကာတာမှာပြုလုပ်တဲ့ ဆွေးနွေးပွဲဆိုတာကလည်း ပုံမှန်အင်ဒိုနီးရှား Special Envoy ရုံးနဲ့ တွေ့ဆုံပြီး သ ဘောထားအမြင်တွေ ဖလှယ်ကြတဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ NUG နိုင်ငံခြားရေးရဲ့ အာဆီယံကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ပြီး မဟာမိတ်များနဲ့ ညှိနှိုင်းသဘောတူထားတဲ့ ရပ်တည်ချက်တွေကိုပဲ ဆွေးနွေးခဲ့တာရှိပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးဟာ မကြာခင်မှာ သက်ဆိုင်သူတွေအားလုံးပါဝင်ပြီး စစ်မှန်တဲ့နည်းလမ်းနဲ့ တွေ့ဆုံမှုတွေ ကျင်းပနိုင်တဲ့ အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေပြသခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌရာထူးကနေ အနားမယူခင် မြန်မာနိုင်ငံအတွင်းက သွေးချောင်းစီးနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းနေပေမယ့် သက်ရောက်မှုအနည်းငယ်သာရှိကြောင်း ဝန်ခံထားပြီး နိုင်ငံတဝှမ်း တိုက်ပွဲအရှိန်မြင့်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က မြို့ ၈ မြို့အထိ လက်လွှတ်ထားရသလို တပ်စခန်းရာနဲ့ချီ ဆုံးရှုံးထားရပြီး စစ်ရေးအထိနာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကို စစ်ရေးအထိနာစေခဲ့တဲ့ ညီနောင်မဟာသုံးဖွဲ့ကလည်း နိုဝင်ဘာ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ဆင်ရေးစတင်တော့မယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၄၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၂၀,၀၀၀ နီးပါး ဆက်လက်ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၂ သန်းနီးပါး ရှိလာပြီး တိုက်ပွဲတွေပြင်းထန်မှုနဲ့အတူ လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်ချက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter