ရေး၊ နိုဝင်ဘာ ၂၆
မွန်ပြည်နယ်ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲရဲစခန်းက ရဲတပ်ကြပ်တစ်ဦးဟာ လက်နက်နဲ့ခဲယမ်းတွေနဲ့အတူ လာရောက်ခိုလှုံခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရဲတပ်ကြပ်မင်းနောင်ဟာ ဒီနေ့ မနက်ပိုင်းမှာပဲ G 3 လက်နက် တစ်လက် ၊ကျည်ဘောက် နှစ်ခု၊ ကျည်တောင့် ၁၀၀ နဲ့အတူ လာရောက်ခိုလှုံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရဲတပ်ကြပ်မင်းနောင်ရဲ့ ပြောဆိုချက်အရ စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့အတွက် လက်နက်နဲ့တကွ CDM ပြုလုပ်လာတာဖြစ်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။
CDM ပြုလုပ်လာတဲ့ ရဲတပ်ကြပ်အတွက် စားသောက်နေထိုင်ရေးနဲ့လုံခြုံရေးအခြေအနေတွေကို YGF တပ်ဖွဲ့ ဘက်က တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ရဲတပ်ကြပ် မင်းနောင်ရဲ့ အလင်းဝင်မှုဟာ အာဏာသိမ်းကာလအတွင်း ရေးမြို့နယ်ရှိ စစ်ကောင် စီ ရဲတပ်ဖွဲ့တစ်ဦး ပထမဆုံးအကြိမ် လက်နက်နဲ့တကွ အလင်းဝင်မှုလည်း ဖြစ်ပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ YGF က ထပ်မံဝင်ရောက်မယ့် စစ်ကောင်တပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လက်ခံကြိုဆိုသွားမှာဖြစ်ကြောင်းနဲ့ လုံခြုံရေးကအစ အပြည့်အဝတာဝန်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညားထားတဲ့ ရေးမြို့ကို တော်လှန်ရေးအင်အားစုတွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ပြီး ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖော်ပြချက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ နီးပါး ပြည်သူ့ရင်ခွင်ခိုလှုံထားတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-YGF