ကော့သောင်း၊ နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ဆယ်အိမ်စုအနီး စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် ပကဖထံကနေ သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့က ခမောက်ကြီးအခြေစိုက် အမှတ်(၂၈၈) ခြေလျင်တပ်ရင်းက အင်အား ၅၀ နီးပါး ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေကြောင်းကနေတဆင့် မလိဝမ်းကျေးရွာဘက် ဝင်ရောက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ဒဏ်ရာသူ အများအပြားရှိပြီး အ ရေအတွက်အတိအကျ ဆက်လက်စုံစမ်းနေတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်တွင်းသတင်းအရင်းအမြစ်တွေအဆိုအရ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က အရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် လေယာဉ်နဲ့ လာရောက်သယ်ထုတ်သွားတယ်လို့ သိရပါတယ်။
ကော့သောင်း ပကဖ ကတော့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်တင်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကလည်း မလိဝမ်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်