လွိုင်ကော် – နိုဝင်ဘာ ၂၂

ကယားပြည်နယ်၊လွိုင်ကော်မြို့ကို မြေပြင်စစ်ပွဲတွေမှာ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်လို့ ဒေသတွင်း သတင်းအချက် အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အက်တမ်၊မိုင်တဲနဲ့ အော်ရီဒူး ဖုန်းလိုင်းတွေစတင်ပြတ်တောက်သွားပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ MPT လိုင်းတွေပါဖြတ်တောက် ခံလိုက်ရတာပါ။

စစ်ကောင်စီဟာ လွိုင်ကော်မြို့ကို ဖုန်းလိုင်း/အင်တာနက်လိုင်းတွေအပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ထားတာဖြစ်ပြီး မြို့ပေါ်မှာ စစ်ဘေးမရှောင်တဲ့ ဒေသခံတွေလည်းရှိနေတယ်လို့ ရှေ့တန်းရောက်ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

“လိုင်းတွေပျက်တာ ဟုတ်တယ်။ လိုင်းတွေရော မီးတွေရာ ဖြတ်ထားတာ ၂ရက် ၃ရက်လောက် ရှိနေပြီ။အစက MPT ရသေးတယ်။ ဒီမနက် အားလုံးပျက်သွားတာ။မြို့ပေါ်မှာက လူနည်းနည်း ကျန်သေးတယ်။ပိတ်မိနေတာမျိုးတော့မဟုတ်ဘူး။စစ်မရှောင်ကြတဲ့ ပုံစံပေါ့။” လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ဖြတ်တောက်မှုတွေ မကြာခဏကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံထဲက တိုင်းနဲ့ပြည်နယ်တချို့ထဲက မြို့ပေါင်း ၄၅ မြို့မှာ အင်တာနက်ဖြတ်တောက်ခံ ထားရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီမြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်းက ၂၇ မြို့နယ်၊မန္တလေးတိုင်းက ၂ မြို့နယ်၊ မကွေးတိုင်းက ၂ မြို့နယ်၊ ကယား(ကရင်နီ)က ၅ မြို့နယ်၊ ကချင်ပြည်နယ်က ၁ မြို့နယ်နဲ့ ချင်းပြည်နယ်က ၈ မြို့နယ်တို့ပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်ခွင့်အခြေအနေဟာ အရင်ကထက် အဆင့် ၁၄ ဆင့်လောက်ကျဆင်းသွားတယ်လို့ Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေပြတ်တောက်တာဟာ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.