ကိုးကန့်၊ နိုဝင်ဘာ ၂၂

အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုတွေကို နိုင်ငံအနှံ့နီးပါး ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု တဆထက်တဆမြင့်တက်လာတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေပြည်တော်နဲ့ မြို့ကြီးပြကြီးတွေကလွဲရင် ကျန်တဲ့ဒေသတွေမှာ မြေပြင်ထိတွေ့တိုက်ပွဲတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာပါ။

စစ်ကောင်စီတပ်နဲ့ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ်တစ်သောင်းကျော်အထိ ဖြစ်ပွားခဲ့တဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၈၀၀၀ ကျော်ကို ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု များပြားလာတာဟာ တိုက်ပွဲဖြစ်ပါက စစ်ကူပို့ဖို့အင်အားမရှိတော့တာ၊ မြန်မာစစ်တပ်ထဲ ဝင်မယ့်သူမရှိတာ၊ စိတ်ဓာတ်ရေးရာ ပြိုဆင်းလာမှုနဲ့အဓိကသက်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ဖော်ပြောဆိုထားပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ အာဏာသိမ်းကာလအတွင်း လုံးဝမနားရသေးတဲ့ တပ်တွေရှိနေသလို ရှေ့တန်းမှာ ၂ နှစ် ၃ နှစ် နေကြရသူတွေ အများကြီးရှိနေတာကြောင့် စိတ်ဓာတ်တွေ ပျက်ပြားလာပြီး လူထုထောက်ခံမှု မရှိတဲ့အတွက် တိုက်ပွဲတွေမှာ အကျအဆုံးများတာလို့ သုံးသပ်ပါတယ်။

“အာဏာမသိမ်းခင်ကတည်းက မနားရသေးတဲ့တပ်တွေက အာဏာသိမ်းပြီး တောက်လျှောက် သုံးနှစ်အတွင်း လုံးဝမနားရသေးဘူး။ တချို့ဆို နောက်တန်းမပြန်ရသေးဘူး။‌ ရှေ့တန်းမှာ ပုံမှန် ၆ လ အလွန်ဆုံး ၁ နှစ်ပေါ့။ အခုဟာက ရှေ့တန်းမှာတင် ၂ နှစ် ၃ နှစ်တွေ ဖြစ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဒီလိုအချိန်မှာသာ စိတ်ဓာတ်တွေ ပျက်ပြားလာတယ်။ တချို့ဆို စိတ်ကျရောဂါတွေတောင် ဖြစ်လာတယ်။ ဒါကြောင့် သူတို့တွေက PDF တွေနဲ့ ကွာတာက PDF တွေက ပြည်သူလူထုထောက် ခံမှုရှိတယ်။ ဒီစစ်ကောင်စီတပ်သားတွေက ဘယ်သွားသွား ဘယ်ပြည်သူလူထုကမှ မထောက်ခံဘူး။ ပြည်သူလူထုက သူတို့ရန်သူဖြစ်နေတဲ့အတွက် အဲဒါကွာတာပေါ့။ အဲဒီဟာကွာတာနဲ့တင် ဘယ်တိုက် ပွဲမဆို သူတို့အကျအဆုံးများတယ်။ ပြီးတော့ အလွယ်တကူ လက်နက်ချလာတာ များလာတာပေါ့” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း ရန်သူ့အင်အား သုံးသောင်းနီးပါး သုတ်သင်နိုင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်လည်း ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အခုနှစ် မေလဆန်းမှာထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်သာမက ကျန်တဲ့ တိုင်းရင်းသားပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီတပ်စခန်းတွေ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရပြီး အရေးနိမ့်လာနေတာပါ။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်စခန်းတွေ ဆက်တိုက်ကျလာနေချိန်မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂၀၀ ကျော်အထိ ရှိလာခဲ့သလို ရခိုင်၊ကယားနဲ့ မွန်ပြည်နယ်မှာလည်း လက်နက်ချအညံ့ခံတာတွေလည်း ဒါဇင်ချီ ရှိနေပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများပြားလာတာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ညံ့ဖျင်းမှုနဲ့ အာဏာတပ်မက်မှုကြောင့် ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အရည်အချင်းမရှိဘူး၊ အာဏာကို တအားမက်မောတယ်။ နောက် ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်က နိုင်ငံ့ခေါင်းဆောင်တွေမှာ ရှိရမယ့် စိတ် ဓာတ်မဟုတ်ဘူး။ အဲဒါတွေကို ပထမသူ့တပ်က မသိဘူး။ ပြည်သူကတော့သိတယ်။ သူက ၁၂ နှစ်လောက် စစ်ဦးစီးချုပ်ဖြစ်ခဲ့တာကိုး။ ဒါပေမယ့်သူ့တပ်က အခုမှတဖြည်းဖြည်းသိတာ။ အဲဒီတ ဖြည်းဖြည်းစသိတဲ့အချိန်မှာ စပြိုတာပဲ။ ပြိုလိုက်တိုင်းလည်းစပြီး စစ်တပ်ရှုံးတော့တာပဲ။ အဓိကအဲဒါပဲ”လို့ သူကဆိုပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး စစ်ကောင်စီဟာ တစ်ပတ်ကိုပျမ်းမျှအနိမ့်ဆုံး မြို့နှစ်မြို့ ဆုံးရှုံးလာနေတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်က ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီစခန်းတွေနဲ့ မြို့တွေကို သိမ်းပိုက်လာတာနဲ့အတူ စစ်ကိုင်းအထက်ပိုင်း၊ချင်းနဲ့ ကရင်နီမှာလည်း အပြိုင်အဆိုင် စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာကြပါတယ်။

အောက်တိုဘာနှောင်းပိုင်းကနေ နိုဝင်ဘာ တတိယပတ်အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကနေ ရှမ်းမြောက်က မြို့ ၆ မြို့ နဲ့ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၆၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ နှစ်မြို့ကိုလည်း စစ်ကောင်စီက လက်လွှတ်ထားရတာပါ။

အခုလို မြို့တွေစခန်းတွေ ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့အပေါ် စစ်ကောင်စီဘက်ကနေ လေကြောင်းပစ်ကူတွေ လက်နက်ကြီးပစ်ကူတွေကိုသာ အားကိုးလာရပြီး တချို့ ဒေသကိုတော့ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေနဲ့ တန်ပြန်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.