ရခိုင်၊ နို၀င်ဘာ ၂၂

ရခိုင်ပြည်နယ်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ၁၀ ရက်အတွင်း စစ်ကောင်စီ စခန်း ၄ ခုနဲ့ အခြားစွန့်လွှတ်လိုက်တဲ့ စခန်းပေါင်း ၄၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတယ်လို့ နို၀င်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးစတင်ခဲ့တဲ့ နို၀င်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းနဲ့ ချိန်ခါလီနယ်ခြားစောင့် တပ်စခန်းကိုက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခထီးလှ တပ်စခန်းကို မနက် ၈ နာရီအချိန်ခန့်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၁ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါအပြင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ အခိုင်အမာ နေရာယူထားတဲ့ တရွန်အိုင်ဗျူဟာ နဲ့ နှုံးဘူးဗျူဟာ နှစ်ခုကို နို၀င်ဘာ ၁၄ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ အချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။‌

အဲ့ဒီ ဗျူဟာနှစ်ခုကို စစ်ကောင်စီမှ လက်နက်ခဲယမ်းနဲ့ ရိက္ခာ‌ေတွကို လေကြောင်းမှ ချပေးနေရပြီး ပြီးခဲ့တဲ့နေ့က လေကြောင်းမှ ချပေးတဲ့ ထောက်ပို့ပစ္စည်းအချို့ကို ရက္ခိုင့်တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ပေါက်တောမြို့မှာ စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ရဟန်းသံဃာ ၊ သက်ကြီးရွယ်အို ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး‌တွေနဲ့ ကလေးသူငယ် အပါအဝင် အရပ်သားပြည်သူ ၁၀၀ နီးပါးကို ရက္ခိုင့်တပ်မ‌တာ်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၇ နာရီအချိန်ခန့်မှာ ပေါက်တောမြို့နယ်မှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေကို ကယ်ထုတ်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရေကြောင်းနဲ့ လေကြောင်း လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။

စစ်ကောင်စီဘက်က ရေကြောင်း ‌‌‌‌‌‌‌နဲ့ လေကြောင်းက လက်နက်ကြီး ပစ်ကူပေးနေတဲ့ကြားက ရက္ခိုင့်တပ်မတော်က ပေါက်တောမြို့နယ်က အရပ်သားပြည်သူ အချို့ကို ထက်မံ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက် သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ တပ်သားတွေကို ရက္ခိုင့်တပ်မတော် (AA) က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA Info Desk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.