ကွာလာလမ်ပူ၊နိုဝင်ဘာ ၂၃
မလေးရှားနိုင်ငံမှာရှိတဲ့ စာသင်ကျောင်း ၁၉ ကျောင်းကို ဗုံးထောင်ဖောက်ခွဲမယ်လို့ အီးမေးလ်က တဆင့် ခြိမ်းခြောက်စာတွေ ပေးပို့ခံနေရပြီး ဒီဖြစ်စဉ်ဟာ လိမ်လည်လှည့်ဖြားမှုသာဖြစ်နိုင်တယ် လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။
ကွာလာလမ်ပူ၊ဆီလန်ဂေါ၊ဂျိုဟာ၊ပီနန်၊ပီရက်နဲ့ နီဂရီ ဆမ်ဘီလန်မှာရှိတဲ့ စာသင်ကျောင်းတွေဟာ ခြိမ်းခြောက်စာပေးပို့တဲ့ အီးမေးလ်တွေကို လက်ခံရရှိခဲ့တယ်လို့ ရဲမှူးချုပ် တန်ဆရီ ရာဇာရူဒင် ဟူစိန်က ဆိုပါတယ်။
“Takstorer”လို့ အမည်ရတဲ့ အကောင့်တစ်ခုက ပေးပို့တဲ့ တူညီတဲ့ အီးမေးလ်ကို ကျောင်းတွေက လက်ခံရရှိခဲ့ပါတယ်၊ ‘takstorer’ ဆိုတဲ့ စကားလုံးဟာ ဂျာမန်ဘာသာမှာ ငြိမ်းချမ်းရေးကိုနှောင့် ယှက်တယ်လို့ အမည်ရကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိခဲ့တယ်”လို့ ရဲမှူးချုပ်က နိုဝင်ဘာ ၂၁ ရက် နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပီနန်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဂျပန်စာသင်ကျောင်းနဲ့ နိုင်ငံတကာကျောင်းတို့ဟာ ကျောင်း တွင်းမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ အီးမေးလ် ရရှိပြီးနောက် ရဲစခန်းမှာ တိုက်ချက်ဖွင့်ထားတယ် လို့ သိရပါတယ်။
“ပေးပို့သူဟာ ဘဝပြဿနာများ ကြုံတွေ့နေရပြီး လူအများကို မုန်းတီးကာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည့်အပြင် ကျောင်းတွင်လည်း အရှက်ရခဲ့ ကြောင်း အီးမေးမှာ ဖော်ပြထားတယ်” လို့ ဂျော့ချ်မြို့ရဲအရာရှိ ခရိုင်အုပ်ကြီး ဗီဆာရာဗန်နန်က ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ အီးမေးလ်ကို မူလအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပြီး နောက်ပိုင်းမှာ ဘဟာဆာမလေးရှား ဘာသာ ကိုပြန်ဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဂျမေကာနိုင်ငံရှိ ကျောင်းပေါင်း ၇၀ လောက်ကိုလည်း အဲဒီအကြောင်းအရာနဲ့တူတဲ့ အီးမေးလ် တစ်စောင် ရောက်ရှိထားတယ်လို့ သိရပါတယ်။
“မလေးရှားမှာရှိတဲ့ ဖြစ်စဉ်တွေနဲ့ ဂျာမေကာနိုင်ငံမှာရှိတဲ့ ဖြစ်စဉ်တွေက ဆက်စပ်မှုရှိရဲ့ လားဆိုတာကို စုံစစ်းစစ်ဆေးနေပါတယ်”လို့ ရဲမှူးချုပ် ရာဇာရူဒင်က ပြောခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် သက်ဆိုင်ရာကျောင်းတွေက ရဲတပ်ဖွဲ့ထံအကြောင်းကြားပြီးတာနဲ့ ဗုံးရှင်းလင်းရေးတပ်ဖွဲ့က ဗုံးရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် ဗုံးတွေ့တာတော့ မရှိခဲ့ပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၇ အပြင် ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာ အက်ဥပဒေ ၂၃၃ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ရဲမှူးချုပ် ရာဇာရူဒင်က ဆိုထားပါတယ်။
Ref – The Star/Asia News Network