ကျိုက်မရော၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ကျေးရွာ ၂၀ ထက်မနည်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေသလို တချို့ကျေးရွာမှာ ဖုန်းလိုင်းတွေပါ ပြတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေ အနည်းငယ် ပြန်လည်ငြိမ်သက်လာပေမယ့် မိုဘိုင်းအင်တာနက်လိုင်းတွေအပြင် ဝိုင်ဖိုင်အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

အင်တာနက်လိုင်း ပြတ်တောက်မှုကို ချောင်းနှစ်ခွ၊မယ်ကရို၊ ကျောက်ကွဲ၊ မရမ်းကုန်း၊ တောင်က လေး၊ ကနာလို၊ ဖာသိမ်၊ ရေပူကော့စပ်အပါအဝင် ကျေးရွာ ၂၀ ထက်မနည်း ကြုံတွေ့နေရတာပါ။

ဒေသခံ ၅ ဦးရဲ့ ပြောကြားချက်အရ အင်တာနက်လိုင်း ပြတ်တောက်မှုဟာ တိုက်ပွဲဖြစ်ပွားပြီး တစ်ပတ်အပတ်အကြာမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ အလုံးစုံပြတ်တောက်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ အင်တာနက်လိုင်း ပြတ်တောက်မှုဟာ ကျိုက်မရောမြို့နယ်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်တွေမှာ ဆီသွားဖြည့်ဖို့ သွားလာခွင့် ပိတ်ပင်ခံရတာ၊ စစ်ကောင်စီဘက်က လုံခြုံရေးမပေးနိုင်တာကြောင့် အဓိကသက်ဆိုင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောင်နှစ်ခွတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

ကျိုက်မရောမြို့နယ်မှာ တယ်လီကွန်ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ အက်တမ်၊ မိုင်တဲလ်၊အော်ရီဒူးနဲ့ MPT တို့ ရှိနေတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေနဲ့ ဆက်စပ်ရွာတွေမှာ အင်တာနက် လုံးဝပြတ်တောက်နေတာပါ။

ချောင်းနှစ်ခွဒေသမှာတော့ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေသလို မုဒုံအခြေစိုက် စစ်ကောင်စီအမြောက်တပ်ကလည်း လက်နက်ကြီး နေ့ရောညပါ ပစ်ခတ်ပေးနေပါတယ်။

တိုက်ပွဲကြောင့် ကျိုက်မရောဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးခိုလှုံနေရသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.