ကျိုက်ထို၊ နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၇ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီး နေ့စဉ်ရက်ဆက် ပစ်ခတ်မှုကျူးလွန်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်း၊ဇီးပြောင်း၊ဝင်းကံ၊ဝင်းကလော၊အာလူး၊ ငှက်ပျောတောနဲ့ ကျောက်ဖျာကျေးရွာအုပ်စု ဒေသခံ ၃၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်းဒေသခံ ဦးနိုးတူးမွေးမြူထားတဲ့ နွားတစ်ကောင် သေဆုံးပြီး သုံးကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
အာဏာသိမ်းကာလအတွင်း ကျိုက်ထိုမြို့နယ်ရှိ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံး၊ နေအိမ်ထိခိုက်ပျက်စီးတာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေ လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ညတိုင်နီးပါး လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်တာတွေ ရှိနေတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့တပ်စခန်းတွေထံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်လို့ မရအောင် ကျေးရွာချင်းဆက်လမ်းပိုင်းတချို့ကို ဖျက်ဆီးတာနဲ့ ခံစစ်အတွက် အခိုင်အမာပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU