ရွှေကျင်၊ နိုဝင်ဘာ ၂၁

ကရင်အမျိုးသားအစည်းအရုံး KNU ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ ရက်ဆက်ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က KNU ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခမရ-၃၅၁ ရဲ့ တောင်ခြေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲစတင်ဖြစ်ပွားပြီး ၁၀ မိနစ်အကြာမှာပဲ စခန်းသိမ်းပိုက်ရရှိခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး စိန်ပြောင်းတစ်လက်၊ ဗုံးသီး၊ လက်ပစ်ဗုံးစတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ရဲ့ ထုတ်ပြန်ထားချက်အရ တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေလည်း ဂျက်ဖိုက်တာလေယာဉ်နဲ့ ၆ ကြိမ်နီးပါး လာရောက်ပစ်ခတ်သွားခဲ့တဲ့အတွက် ကလောသိုးခီး၊ ထီးခေးလော့၊ ထိုခေးပူကျေးရွာ ၃ ရွာက ဒေသခံပြည်သူ ၅၇၂ ဦးနဲ့ အနီးအနားရှိ အခြားကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း KNU ရွှေကျင်မြို့နယ် ကျောက်တန်းရွာက နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က စစ်ကူထပ်မံရောက်ရှိလာခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ ရေပြန်ချောင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.