အစ္စလာမ်မာဘတ်၊ နိုဝင်ဘာလ ၂၂

အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနောက်မြောက်နယ်စပ်အနီးမှာ အလိုရှိနေတဲ့ စစ်ရာဇဝတ်သား တစ်ဦးအပါအဝင် လက်နက်ကိုင် ၄ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့  ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဟာဝန်ရှိသူတွေက ပြောပါတယ်။

ဝါဇီရီစတန်ခရိုင် ခိုင်ဆောဧရိယာအတွင်း ထောက်လှမ်းရေးအခြေပြု စစ်ဆင်ရေးမှာ ပါကစ္စတန် လုံခြုံရေးအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပြီးနောက် ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးထားပါတယ်။

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေ ရှင်းလင်းခဲ့တဲ့ လက်နက်ကိုင် ၄ ဦးထဲမှာ အီဘရာဟင်မ် အမည်ရ စစ်ရာဇဝတ်သားတစ်ဦး ပါဝင်ခဲ့တာပါ။

အဲဒီထိတွေ့တိုက်ပွဲမှာ ပါကစ္စတန်တပ်ဖွဲ့ဟာ လက်နက်ကိုင်တွေဆီက လက်နက်ခဲယမ်း မီးကျောက်တွေနဲ့အတူ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

“ပါကစ္စတန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံမှာရှိနေတဲ့ အကြမ်းဖက်မှုအန္တရာယ်ကို ရှင်းလင်းဖို့အတွက် ဆုံးဖြတ်ထားပြီးဖြစ်တယ်” လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ပါကစ္စတန်မြောက်ဘက် ဝါဇီရီစတန်ဟာ လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းတဲ့နေရာဖြစ်ပြီး ၂၀၁၄ ခုနှစ်က ပါကစ္စတန်စစ်တပ် ပီရှာဝါမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးအဖွဲ့တွေက လက်နက်ကိုင်တွေကို စတင်နှိမ်နင်းနေတာဖြစ်ပါတယ်။

အဲဒီစာသင်ကျောင်းတိုက်ခိုက်ခံရမှုမှာ လူ ၁၅၀ ကျော်သေဆုံးထားပြီး အများစုဟာ ကျောင်းနေအရွယ် ကလေးတွေဖြစ်တယ်လို့ ပါကစ္စတန်ဘက် ထုတ်ဖော်ပြောဆိုထားပါတယ်။

ပါကစ္စတန်နယ်မြေတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ရင်ဆိုင်နေရပြီး အဲဒီအဖွဲ့တွေကို TTP လို့ လူသိများတဲ့ ဒေသခံတာလီဘန်တွေဟာ အာဖဂန်နစ္စတန်မှာ ခိုလှုံပြီး ထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပါကစ္စတန်နယ်စပ်မှာ လှုပ်ရှားနေတဲ့ တာလီဘန်တွေဟာ သီးခြားခွဲထွက်အဖွဲ့ဖြစ်ပြီး နေတိုးနဲ့ အမေရိကန်တပ်တွေ ပြန်လည်ထွက်ခွာပြီးနောက် အာဖဂန်နစ္စတန်မှာ အာဏာပြန်လည်ရယူထားတဲ့ တာလီဘန်တွေနဲ့ မဟာမိတ်ဖြစ်တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: Aljazeera & News Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.