လွိုင်ကော်၊နိုဝင်ဘာ ၂၀

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ကျန်းမာရေး၊ ပညာရေးနဲ့ စည်ပင်သာယာရေးအပါအဝင် ယန္တရားတွေ အားလုံး ရပ်ဆိုင်းသွားပြီလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတွေမြို့ကိုစွန့်ခွာသွားသလို လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီရဲ့ ဆေးရုံ၊ကျောင်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာ အားလုံးရပ်တန့်သွားပြီး အဲဒီဌာနတွေက ဝန်ထမ်းတွေလည်း မြို့ကိုစွန့်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

မြို့ကိုစွန့်ခွာသွားသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဆီကို စစ်ရှောင်ခဲ့ပေမယ့် စစ်ကောင်စီတပ်နဲ့ ဌာနေပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေရဲ့ တာဆီးမှု တွေရှိနေတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးဗညားကပြောပါတယ်။

“နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့အထိ တားတယ်၊ ပေးမဝင်ဘူးဆိုတာတွေ နောက်ပြီးတော့မှာ အုပ်ချုပ်ရေးမှူးကတဆင့် PNA ကတဆင့်ပေါ့်နော်၊လိုက်ပြီးတော့မှ တားတာတွေရှိတယ်ပေါ့နော်၊ဒါပေမဲ့ အခု ရက်ပိုင်းမှာတော့ ကျွန်တော်တို့ပြန်ကြားတာက တောင်ကြီးမှာလည်း ပြန်ပေးနေတယ်၊တားတယ် ဆိုတဲ့ဟာက အသံမကြားတော့ဘဲနဲ့ ရွာတွေမှာလည်း ပေးနေကြတယ်၊တားမြစ်တဲ့လူတွေကိုတော့ ကျွန်တော်တို့က ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ၊ပြင်းပြင်းထန်ထန်သတိပေးတာတွေ လုပ်ခဲ့ပါတယ်” လို့သူက ပြောပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ ကုလအဖွဲ့အစည်း(UN)တွေ နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း(INGO) တွေရဲ့ဝန်ထမ်းတွေ၊သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ၂၂၈ ဦး ကို တောင်ကြီးမြို့မှာ လုံခြုံစွာ ရွှေ့ပြောင်းနိုင်ဖို့ လုပ်ဆောင်ပေးထားတယ်လို့ IEC က အသိပေးထားပါတယ်။

ကရင်နီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAIHAI) ရဲ့ စာရင်းတွေအရ လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်းကျော် မြို့ကိုစွန်ခွာသွားပေမယ့် အဲဒီထဲမှာ လောဓမ္မ၊ ကြည်သာယာ၊နမ့်ပေါ်ဝမ်၊ရွှေတောင်၊မင်္ဂလာ၊စျေးပိုင်းရပ်ကွက်၊ရှမ်းပိုင်း၊ဒေါနိုးကူးနဲ့ မင်းစုရပ်ကွက်တွေမှာတော့ စစ်မရှောင်တဲ့ပြည်သူအနည်းငယ်ရှိသေးတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ လက်ရှိလွိုင်ကော်မြို့ပေါ်မှာ ကျန်ရှိနေသူတွေဟာ စစ်ကောင်စီ မိသားစုဝင်တချို့နဲ့ စစ်ဘေးမရှောင်လိုသူတွေသာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ဘေးရှောင်ကြဖို့နဲ့ စစ်ဘေးမရှောင်နိုင်ရင် ဗုံးခိုကျင်းတွေတူးထားကြဖို့ တိုက်တွန်းထားပါတယ်။

လက်တလော မြို့ပေါ်တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စခန်း ၈ ခုကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်သလို လွိုင်ကော်ခရိုင်တရားရုံးကိုလည်း မတရားမှုတွေလုပ်ဆောင်တဲ့ နေရာ ဖြစ်နေတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။

စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဘက်က လွိုင်ကော်မြို့ပေါ်ကို တပတ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇၈ ကြိမ်အထိပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၃ ဦးသေဆုံးထားပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လွိုင်ကော်မှာ လူဦးရေ ၅ သောင်းကျော်သာရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ တစ်ပတ်ကျော်အတွင်း လွိုင်ကော်မြို့ကိုစွန့်ခွာပြီး စစ်ဘေးရှောင် တဲ့ ဒေသခံ ၄ သောင်းကျော်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – Getty Image

ပုံစာအညွန်း – အခုနှစ်ဆန်းပိုင်းမှာ လွိုင်ကော်မြို့ထဲ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.