မုဒုံ၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မုဒုံမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က မြို့တွင်းလုံခြုံရေးတင်းကျပ်ထားသလို လမ်းတချို့ ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က မုဒုံမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်းသက်သာလက်ဖက်ရည်ဆိုင်အတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရဲဝန်ထမ်းမိသားစုဝင်တစ်ဦးရဲ့ အသက် ၁၅ အရွယ်သမီးဖြစ်သူ မသင်းသဇင်ဖူး ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် ဒီနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီကနေ မြို့မရဲစခန်းအအနီးပတ်ဝန်းကျင်ရှိ လမ်းတချို့ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို စခန်းအနီးမှာလည်း ဘလောက်တုံးနဲ့ သံဆူးကြိုးအကာအကွယ်တွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မုဒုံမြို့အဝင်အထွက်နေရာတွေနဲ့ ခုနှစ်ခွတောင်ပတ်လမ်းတွေမှာလည်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်အသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခုနှစ်ခွတောင်ခြေအနီး ရပ်ကွက်တွေရှိ ဒေသခံပြည်သူတွေဟာ မြို့ပေါ်သို့ပြောင်းရွှေ့လာတာနဲ့ တချို့ဒေသခံတွေက ညပိုင်းအချိန်မှာ ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

လက်ရှိမှာတော့ မုဒုံဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် တော်လှန်ရေးအင်အားစုတွေ မြို့တွင်းဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

မုဒုံမြို့မရဲစခန်းတိုက်ခိုက်ခံရတဲ့ အဲဒီနေ့မှာပဲ မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပေမယ့် ထိခိုက်သေဆုံးတာမရှိဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.