မော်လမြိုင်၊ နိုဝင်ဘာ ၂၁

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့အတူ ထိုင်ဘတ်ငွေဈေးနှုန်း ပြန်လည်မြင့်တက်လာတဲ့အတွက် ဒေသအတွင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ မွန်ပြည်နယ်ရှိကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဟာ နိုဝင်ဘာလကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့အတူ နယ်မြေမတည်ငြိမ်တာ၊ သယ်ယူပို့ဆောင်ဖို့ ခက်ခဲလာတာ၊ မြန်မာငွေတန်ဖိုးကျဆင်းပြီး ထိုင်းဘတ်ငွေဈေးနှုန်းမြင့်တက်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာခဲ့တာပါ။

ထိုင်းဘတ်ငွေဈေးဟာ နိုဝင်ဘာလအစက တစ်ဘတ်ကို မြန်မာကျပ်ငွေ ၈၅ ကျပ်သာ ရှိရာကနေ နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ တစ်ဘတ်ကို ကျပ် ၁၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဂယက်ကြောင့် ဆန်ဈေးနှုန်းကလည်း ဆန်အသစ်ပေါ် ကာလမှာပဲ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စုဧည့်မထ တစ်အိတ်ကို ကျပ်ရှစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

ကုန်သည်တစ်ဦးကတော့ အခြေခံစားသောက်ကုန်တွေဟာ တိုက်ပွဲတွေနဲ့အတူ ထိုင်းငွေဈေးနှုန်း မြင့်တက်လာတဲ့အတွက် ဈေးနှုန်းလိုက်တက်တာဖြစ်ပြီး လက်ရှိအခြေအနေဟာ တိုင်းပြည်ပျက်မယ့်သဘောဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘတ်ဈေးက (၁၀၀) ပြန်ဖြစ်နေပြီ။ မြန်မာပြည် နိုင်ငံရေးမငြိမ်တဲ့အခါကျတော့ ငွေဈေးတွေကျတာပေါ့။ ကုန်ဈေးနှုန်းတွေတက်တယ်။ ကုန်ဈေးနှုန်းစစ်ပွဲကိုလည်း တစ်ဖက်ကဆင်နွဲရမယ်။ တစ်ဖက်ကလည်း ပြည်တွင်းစစ်ကို ဆင်နွှဲရတယ်။ ငါတို့ တိုင်းပြည်မငြိမ်မသက်တဲ့အခါ ငါတို့ မြန်မာငွေလျော့ကျသွားတာပေါ့။ မြန်မာငွေတန်ဖိုး ကျသွားတာပေါ့။ ပြီးရင်နစက ကလည်း မထိန်းနိုင်ဘူး။ အဲဒီအချိန်မှာ အစိုးရကအကျပ်ရိုက်ရင် ရိုက်မှာပေါ့။ ကုန်ဈေးနှုန်းတွေ အကုန်တက်၊ ပြည်သူတွေ ဒုက္ခရောက်ဒါပါပဲ။ တိုင်းပြည်ပျက်တော့မယ့်သဘောပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံမတည်ငြိမ်မှုကြောင့် မြင့်တက်လာတဲ့ ဘတ်ငွေဈေးနှုန်းတွေကို စစ်ကောင်စီအနေနဲ့ အမြန်ဆုံးထိန်းသိမ်းဖို့လိုအပ်ပြီး မထိန်းသိမ်းပါက အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲတွေနဲ့အတူ ထိုင်းငွေဈေးနှုန်းမြင့်တက်လာတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေဟာ ရက်ပိုင်းအတွင်းမှာပဲ အမျိုးအစားအပေါ် မူတည်ပြီး ပစ္စည်းတမယ်ကို ကျပ် ၅၀၀ ကနေ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းခုန်တက်လာခဲ့တာပါ။

အိမ်ရှင်မတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတဲ့အတွက် ခြိုးခြံချွေတာစားသောက်နေရသလို အလုပ်အကိုင် အခက်အခဲတွေကြောင့် ရပ်တည်ဖို့ ပိုမိုခက်ခဲ့လာတယ်လို့ ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ တက်တာတော့ပြောမနေနဲ့။ အခုပြည်သူတွေဆို တအားဒုက္ခတွေရောက်နေတာ။ အရင်ကဆိုရင်တောင် ပိုက်ဆံသုံးလေးထောင် ဆိုရင်တောင် မိသားစု ညမနက်စားလို့ရသေးတယ်။ အခုဆိုရင်တစ်သောင်းကိုင်သွားလည်း ဘာမှမပါတော့ဘူး။ ဈေးတွေက သုံးလေးဆလောက် ပြန်တက်နေတာပေါ့။ အလုပ်ကလည်း အဆင်မပြေတော့ဘူးလေ။ လုပ်ငန်းတွေကလည်း လည်ပတ်မှုမရှိတော့ အခက်အခဲကတော့ များစွာဖြစ်တာပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ စိုက်ပျိုးရေးထွက်ကုန်ကလွဲပြီး ကျန်တဲ့အခြေခံစားသောက်ကုန် ပစ္စည်းအများစုကို ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အဓိကမှီခိုနေရတာဖြစ်ပြီး ထိုင်းဘတ်ငွေဈေးအပေါ် မူတည်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နိုင်ငံတဝှမ်းလုံး ကူးစက်ပျံ့နှံ့သွားပါက ကုန်ပစ္စည်းရှားပါးနဲ့အတူ ဈေးနှုန်းအဆမတန်ကြီးမြင့်အပါအဝင် အငတ်ဘေးဒဏ်ကို အခြေခံပြည်သူတွေ အလူးအလဲခံစားနိုင်ရတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.