ထားဝယ်၊ နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားနဲ့ ဖောင်တော်ဦးဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ထံက သိရပါတယ်။
တပ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF တပ်ခွဲ(၂)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအဖွဲ့က လက်ဦးမှုရယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ပြင်ဆင်ချိန်မရဘဲ အထိနာသွားတာလို့ DGRF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံတွေတဆင့်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေသခံ ၃ ဦးထက်မနည်းကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ဘုရားမဲစစ်ဆေးရေးဂိတ်ကနေ ဖောင်တော်ဦးဘုရားအနီးသို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ဘုရားမဲစစ်ဆေးရေးဂိတ်ထံ ပြန်လည်ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ထားဝယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ပြီးခဲ့တဲ့လနောက်ဆုံးအပတ်ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာသလို စစ်ကောင်စီကလည်း မြို့တွင်းလုံခြုံရေးတိုးမြှင့်ထားတဲ့အတွက် ဒေသခံတွေ သွားရေးလာရေး အခက်ကြုံနေရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DGRF