စလင်း – နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ စလင်းနဲ့ ပွင့်ဖြူမြို့နယ်က စာသင်ကျောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလာရောက်တိုက်ခိုက်ဖို့ရှိနေတယ်ဆိုတဲ့ စာကပ်ပြီး ဒေသတွင်းစစ်တပ်က သတင်းမှား ဖြန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စာသင်ကျောင်းတွေမှာ စာလိုက်ကပ်နေတာဖြစ်တဲ့ အတွက် ဒေသခံ အရပ်သားတွေဟာ စိုးရိမ်မှုတွေရှိနေတာပါ။မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးကတော့ ဒေသခံစစ်တပ်ရဲ့ အခုလိုလုပ်ဆောင်နေတာဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်ကို မသွားလိုတဲ့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့သဘောကတော့ ခုတိုက်ပွဲဖြစ်နေတဲ့ ညီနောင်သုံးဖော်ရဲ့ဒေသတွေကို မသွားချင်တာ ကြောင့် ဒါမျိုးလုပ်နေတာဖြစ်တယ်။ ဒီစလင်းပွင့်ဖြူရဲ့ နယ်စပ်တွေကိုလည်း သူတို့အနေနဲ့ အထူးစစ်ဆင်ရေးဆိုပြီး လုပ်လာမယ်လို့ သိထားရတယ်။”လို့ မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ လမ်းမတွေဘက်ကို သေနတ်နဲ့ ချိန်ပြီး ကင်းပုန်းဝတ်တာတွေရှိနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ပွင့်ဖြူဒေသခံတစ်ဦးကတော့ လက်တလောအခြေအနေအရ စျေးရောင်းနားထားရသလို ကလေးတွေကိုလည်း ကျောင်းမပို့ရဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အရင်ရက်ကလည်း မြို့ပေါ်လာတိုက်မယ်လို့ ရဲမိသားစုကလာပြောလို့ မြို့ပေါ်စျေးရောင်းကို မသွားရဘူး။ ခုလည်းစာတွေကပ်နေတာဆိုတော့ ကလေးတွေကို ကျောင်းမပို့ပဲထားလိုက်တော့ တယ်။ ဘာကြောင့်ဒီလိုလုပ်နေတယ်ဆိုတာတော့မသိဘူး။”လို့ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားကားတွေအပါအဝင် ပြည်သူတွေကို စစ်ဆေးတာတွေဆက်တိုက်လုပ်ဆောင်နေသလို အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားရှာဖွေ တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတွေကို လုံခြုံရေးအကြောင်းပြ ချက်နဲ့ ပိတ်ဆို့တာတွေလုပ်ဆောင်နေသလို ကင်းပုန်းချထားတာတွေလည်းရှိနေတယ်လို့ ဒေသခံ တွေက ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.