မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “လွိုင်ကော်တက္ကသိုလ်က လက်နက်ချခဲ့တဲ့စစ်သား၊ စစ်သုံ့ပန်းတွေနဲ့Non CDMဝန်ထမ်းတွေကို အဓမ္မဖမ်းဆီး သတ်ဖြတ်နေတယ်“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို နိုဝင်ဘာလ၁၅ရက်နေ့က Kyaw Swars၊ ဟန်ငြိမ်းဦးစတဲ့ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေ၊ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ကရင်နီပြည် လွိုင်ကော်မြို့မှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ လွိုင်ကော်စက်မှုကျောင်းက Non CDM ဝန်ထမ်း စုစုပေါင်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ကရင်နီ ပြည်တော်လှန်ရေး တပ်ပေါင်းစုံကသွားရောက် ကယ်ထုတ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ပိတ်မိနေတဲ့ စစ်အုပ်စုလက်အောက်ခံ Non CDM ဝန်ထမ်း တွေကို လက်နက်ကြီးတွေ၊ တိုက်ပွဲတွေကြားထဲကနေ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနဲ့ အရပ်ဖက်အဖွဲ့အ စည်းဖြစ်တဲ့ ပရဟိတအသင်းတွေက ခက်ခက်ခဲခဲ သွားရောက်ကယ်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) သတင်းဌာနကို ဖြေကြားထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် လွိုင်ကော် တက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ်သား (၃၂) ဦးက လက်နက်ချခဲ့ပြီးသူတို့ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသပေးတာတွေပြုလုပ်ပေးခဲ့တယ်လို့ KNDF က ပုံနဲ့ တကွ သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/aDSVW

KNDFရဲ့သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/fAOVY

ကန္တာရဝတီတိုင်း(မ်)သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/iKL49

VOAသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/efPR7

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “လွိုင်ကော်တက္ကသိုလ်က လက်နက်ချခဲ့တဲ့စစ်သား၊ စစ်သုံ့ပန်းတွေနဲ့Non CDMဝန်ထမ်းတွေကို အဓမ္မဖမ်းဆီး သတ်ဖြတ်နေတယ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.