နေပြည်တော်၊ နိုဝင်ဘာ ၁၈

တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်နေရပြီး အထိနာနေတဲ့ စစ်ကောင်စီက ဒရုန်းစစ်ဆင်ရေးတွေကို မဟာဗျူဟာကျကျ ကာကွယ်ဆောင်ရွက်သွားမယ်လို့ ကြွေးကြွော်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်စခန်း ရာနဲ့ချီလက်လွှတ်ခဲ့ရတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးမှာ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် စခန်းတွေကျသွားခဲ့ရသလို တချို့စခန်းတွေကို စစ်ရေးဗျူဟာအရ ပေါင်းစည်းခဲ့ရတယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံလာပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်စခန်းတွေဟာ ဒရုန်းဗုံးတွေ အကြိမ်ကြိမ် တိုက်ခိုက်ခံနေရပြီး ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာအရ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကို အမြန်ဆုံးထိရောက်စွာ ကာကွယ်သွားမယ်လို့ ပြောဆိုပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ စစ်ကောင်စီတပ်မှာ ဒရုန်းတွေကို ခုခံကာကွယ်ဖို့ အရင်ကတည်းက ကြိုတင်ပြင်ဆင်တာနဲ့ ရေရှည်အစီအစဉ်မရှိကြောင်းနဲ့ အခုနောက်ပိုင်းမှာသာ အရေးကြီးတဲ့ နေရာတွေကိုသာ ဒရုန်းကတ်တွေ တပ်ဆင်နိုင်ခဲ့တယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“စစ်ကောင်စီမှာ ဒရုန်းတွေကို ခုခံကာကွယ်ဖို့ အရင်ကတည်းက ရေရှည်ပလန်လည်းမရှိဘူး။ ကြိုတင်စီစဉ်ထားခြင်းလည်း မရှိဘူး။ ဒီလိုမျိုးတိုက်ခိုက်ခံရမယ်လို့လည်း သူတို့အနေနဲ့ မျှော်လင့်ထားတာတွေလည်း မရှိတာကို တွေ့ရတယ်။ ဒါပေမယ့် အခုတိုက်ခိုက်ခံရတဲ့အချိန်မှာ သူတို့အနေနဲ့ ဒရုန်းတွေကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အစိတ်အပိုင်းမှာရရှိနိုင်တဲ့ ဒရုန်းကတ်တွေကို ဝယ်ပြီးတော့ တပ်ရင်းဌာနချုပ်တွေ၊ အရေးကြီးတဲ့ အဆောက်အအုံတွေ၊ ရှေ့တန်းစခန်းတွေကိုတော့ပေးတယ်။ ဒါပေမယ့် ဒီလိုမျိုးဟာတွေက အကောင်းဆုံးအဆင့်တန်းမြင့်မြင့် မဟုတ်ဘဲ ရတဲ့ပစ္စည်းကိုဝယ်ပြီး အသုံးပြုထားတဲ့အတွက် ဒရုန်းတွေက သူတို့တွေရဲ့ ဒရုန်းကတ်တွေကို ကျော်ဖြတ်နိုင်တယ်။ ပိုပြီးတော့ လုပ်နိုင်တဲ့အနေအထားမျိုး တွေ့ရမှာဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ တပ်ရင်းဌာနချုပ်မှာရှိတဲ့ အရေးကြီးတဲ့ရုံးတွေ ဗိုလ်ကင်းတွေ အရာရှိကြီးတွေနေတဲ့အိမ်တွေ လက်နက်ခဲယမ်းနေရာတွေ စက်ရုံတွေနဲ့ လေယာဉ်တွေ ထားတဲ့နေရာတွေသာ ဒရုန်းကတ်တွေကို ကာကွယ်ထားတာရှိပြီး တပ်ရင်းအစိတ်အပိုင်းတော်တော်များများမှာ ကာကွယ်နိုင်တဲ့ဟာ မရှိဘူးလို့ သူကထောက်ပြပါတယ်။

ဒါ့အပြင် နည်းပညာအဆင့်တန်းမြင့်တဲ့ ဒရုန်းကတ်တွေဟာ ရှေ့တန်းစခန်းတွေကိုရောက်ဖို့ ပို့ဆောင်ရေး အခက်အခဲရှိပြီး အသုံးပြုဖို့လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေကလည်း ရှေ့တန်းလိုနေရာမျိုးမှာ အခက်အခဲရှိတာကြောင့် စစ်ကောင်စီကို ဒရုန်းနည်းပညာနဲ့ တိုက်ခိုက်မှုဟာ ထိရောက်နေဦးမယ်လို့ ဗိုလ်ကြီးကောင်းသူဝင်းက မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းအသုံးပြုမှုတွေဟာ အနာဂတ်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ ပြီးခဲ့တဲ့သြဂုတ် ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့မှာပြုလုပ်တဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဝန်ခံထားပါတယ်။

Cloud Wings ဒရုန်းအဖွဲ့ တာဝန်ခံ ကိုငြိမ်းကတော့ ဒရုန်းစစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ စစ်တပ်စခန်း၊ အုပ်ချုပ်ရေးဆိုင်ရာ ပစ်မှတ်တွေအပြင် အမြောက်ကုန်းတွေ လေယာဉ်ကွင်းတွေအစ တိုက်ခိုက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့တွေက ရန်သူ့ရဲ့စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ၊ အုပ်ချုပ်‌ရေးဆိုင်ရာ ပစ်မှတ်တွေစတဲ့နေရာတွေကို ပြောက်ကျားနည်းနဲ့ Drop ချ တိုက်ခိုက်ရတာမျိုးတွေရှိတယ်။ နောက်တစ်ခုက ရန်သူ့ရဲ့အမြှောက်ကုန်းတွေ၊ လေယာဉ်ကွင်းတွေစသဖြင့် သူ့ရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တစ်ဖက်မှာ အာရုံစိုက်မှုပျက်ပြားအောင် နှောင့်ယှက်ဟန့်တားပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်ရတာမျိုးတွေရှိတယ်”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပေါ်ထွက်လာတဲ့ စစ်ကောင်စီရဲ့ လျို့ဝှက်အစီရင်ခံစာအရ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးကို သတိထားရမှာဖြစ်ပြီး လုံခြုံရေးလစ်ဟာရင် စစ်ဆင်ရေး ကြောက်စရာကောင်းမယ်လို့ စစ်ခေါင်းဆောင်က သတိပေးဖူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူလူထုရဲ့ တော်လှန်ရေး ရန်ပုံငွေတွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေထံ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ဝါဒဖြန့်ချိရေးအတွက် အသုံးပြုဖို့ Drone အစင်းရေ ၄၀၀ ကျော် ထောက်ပံ့ထားတယ်လို့ ပြီးခဲ့တဲ့သြဂုတ်၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ NUG အစိုးရ နည်းတူ လက်နက်နဲ့အလင်းဝင်လာမယ့် PDF ရဲဘော်တွေကို ဆုငွေချီးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့ မေလတုန်းက ထုတ်ပြန်ထားပြီး အဲဒီထဲမှာ ဒရုန်းတစ်စင်းနဲ့ အလင်းဝင်ရင် ကျပ်သိန်း ၅၀ အထိ ချီးမြှင့်မယ်လို့ မက်လုံးပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.