ကျိုက်မရော၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မိုင်းခွဲ ဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အတ္ထရံတံတား (ချောင်းနှစ်ခွ)ကို တော်လှန်ရေးအင်အားစုတွေက ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ဓာတ်ပုံတွေအရ မိုင်းခွဲဖျက်ဆီးခံရတာ‌ကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားပြီး လုံးဝသွားလာလို့ မရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတာဝန်ရှိသူရဲ့ အဆိုအရ ဒီတံတားဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီအတွက် အဓိက ထောက်ပို့လမ်းကြောင်း ဖြစ်နေတာကြောင့် စစ်ရေးအရ လုပ်ဆောင်ခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတံတားဟာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကို ဆက်သွယ်ထားပြီး ကြာအင်းဆိပ်ကြီးနဲ့ဘုရားသုံးဆူမြို့တို့ကို အဓိကသွားလာရမှာ အသုံးပြုတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။

ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချ အညံ့ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.