ကျွန်းစု၊ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ PDF ရဲဘော်တွေအပြင် အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ နီးပါးဟာ ဝါရစ်ကျေးရွာထဲ ဈေးလာဝယ်စဉ် ဒလန်သတင်းပေးမှုကြောင့် တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးအကြာ ဖြစ်ပွားပြီးနောက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော် ၁ ဦးကျဆုံးပြီး ၁ ဦးပျောက်ဆုံးနေသလို ဒေသခံအမျိုးသား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝါရစ်ရွာဘုန်းကြီး ကျောင်းက ဘုန်ကြီးတစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာပါ။

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းထိ ဝါရစ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေတာကြောင့် ကျဆုံးသွားတဲ့ PDF ရဲဘော်အလောင်း ပြန်မရသေးဘူးလို့ သိရပါတယ်။

ကျွန်းစုမြို့နယ်ထဲကို အခုလအစောပိုင်းကစလို့ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပြီး ကျေးရွာတချို့မှာလည်း တစ်ရွာလျှင် ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦးနှုန်း မဖြစ်မနေ စာရင်းပေးသွင်းကြဖို့ ဖိအားပေးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.