မောင်တော၊ နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အခြေစိုက် စစ်ကောင်စီ ဒုံးညိုတပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

လက်နက်ချအညံ့မခံတဲ့ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီအချိန်ခန့်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၇မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၈ ဦး ဖမ်းဆီးရမိခဲ့ပြီး သေနတ်အလက် ၄၀ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ AA တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံး ဒဏ်ရာတာရှိကြောင်း ထုတ်ပြန်ထားပေမယ့် အရေအတွက် အတိအကျကိုတော့ ဖော်ပြထားတာမရှိပါဘူး။

လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမယ်လို့ AA က သတိပေးထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ပေါက်တောမြို့မရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ ကြည်းကြောင်း၊ရေကြောင်းနဲ့လေကြောင်းတို့ကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.