ကျိုက်မရော၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မီးသွေးကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်မှာ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ ကျိုက်မရောဒေသထဲ လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ချောင်းနှစ်ခွ၊ မီးသွေးကုန်း၊ သရက်ကုန်းအပါအဝင် ပေါလောကျေးရွာအနီးပတ်ဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ချောင်းနှစ်ခွနဲ့တောင်ကလေးတို့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တစ်နေ့လုံးနီးပါး လက်နက်ကြီးပစ်ခတ်နေတာပါ။

လက်ရှိတိုက်ပွဲ အခြေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု၊ အရပ်သားပြည်သူထိခိုက်သေဆုံး ရှိမရှိ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ပေါလောကျေးရွာနေ အသက် ၇ အရွယ် မနှင်းသက်ဝေ၊ အသက် ၈ နှစ်အရွယ် မဆန်းရတီဦးတို့ သေဆုံးခဲ့ရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ ကျိုက်မရောမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အလုံး ၃၀ ထက်မနည်း ထိခိုက်ပျက်စီးထားပြီး ဒေသခံ ၄၀၀၀ ကျော် စစ်ရှောင်နေရတာပါ။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.