ကျွန်တော်တို့ စစ်တပ်မှာက လူကိုတန်ဖိုးမထားဘူး။ လူရင်သေပါစေ ပစ္စည်းကိုပါအောင်ယူခဲ့။ တိုက်ပွဲတွေမှာ ဆို သေနတ်ကိုပြန်ရအောင်ဆွဲတယ်။ အလောင်းကိုမဆွဲဘူး။ မကယ်ဘူး။ လူကိုတန်ဖိုးမထားဘူး။ ဒါကိုစစ်သား တိုင်းက သိတယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ (၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အမှတ်(၁၂၉) ခြေမြန်တပ်ရင်းဟာ မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ခဲ့ပါတယ်။ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦး ဆောင်တဲ့ ခမရ ၁၂၉ က အရာရှိစစ်သည် ၁၂၆ ဦးနဲ့ မိသားစုဝင် ၁၃၄ ဦး စုစုပေါင်း ၂၆၂ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ကို့ကန်အဖွဲ့ MNDAA ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

တပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ရတဲ့ အခြေအနေ၊ မြန်မာစစ်တပ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ သက် ရောက်မှုတွေ၊ မြန်မာစစ်တပ် အလားအလာနဲ့ တပ်ပျက်နေပြီလား။ ဒီအခြေအနေနဲ့ပတ်သက်ပြီး CDM လေတပ် တပ်ကြပ်ကြီး ဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး တပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ဖို့ ရွေးချယ်မှုက မြန်မာ့တပ်မတော်ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်လား။ ဘာကြောင့် ဒီလိုလက်နက်ချတယ်လို့ မြင်လဲ။

CDM တပ်ကြပ်ကြီးဇေယျ – မအလစစ်တပ်တပ်ရင်းတစ်ခုလုံး အလင်းဝင်သွားတာ အရင်က မရှိခဲ့တဲ့ဖြစ်စဉ်တစ် ခုပေါ့။ လွတ်လပ်ရေး ရပြီးကာစကတော့ တပ်ရင်းလိုက်တွေ တောခိုတာမျိုးတွေ ဘက်ပြောင်းသွားတဲ့ဖြစ်ရပ် တွေ ရှိခဲ့တယ်။ ဒါကတော့ တောခိုတယ်ဆိုတာ ပြန်တိုက်တာ။ လက်ရှိပုံစံက အလင်းဝင်သွားတဲ့ပုံစံပေါ့။ အညံ့ခံ လိုက်တဲ့ပုံစံပေါ့။ ဗမာစစ်တပ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဘူး။ သာမန်၄၊ ၅ယောက်လောက် တပ်ပြေးတာလောက်ပဲ ရှိခဲ့တာပေါ့။ ဒီတပ်မှာအင်အား ၁၂၀ကျော်လည်း အပြည့်ရှိတယ်။ မှီခိုရဲမေတွေလည်း ရှိတယ်။ လက်နက်ဆို မှီခို ရဲမေတွေအတွက်ပါ သေနတ်တွေထုတ်ပေးထားတာ။ ဘာလို့လက်နက်ချလဲဆိုတာ ကျွန်တော်ဝင်စဉ်းစားကြည့် တာ တကယ်တမ်းသူခံတိုက်မယ်ဆိုရင်လည်း နိုင်စရာမရှိဘူး။ သေဖို့ပဲရှိတယ်။

နောက်ကွယ်ကစစ်ကူလာဖို့ ကလည်း လေယာဉ်နဲ့လာဖို့ပဲရှိတယ်။ ဒါကလည်း မကျိန်းသေဘူး။ စစ်မျက်နှာတွေက တအားများနေတဲ့ အနေအထား။ သူခံတိုက်မယ်ဆို သူ့အတွက်က အပျက်အစီး အသေအပျောက် တအားများမယ်။ လက်ရှိဖြစ်စဉ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သဘောမတူတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိ တယ်။ စစ်သားဖြစ်ရင် စစ်တပ်ကိုသစ္စာရှိရမယ်ဆိုတဲ့ အဖွဲ့အစည်းစွဲလေးရှိလို့သာ အပြင်ထွက်လာရင် ဘဝရပ်တည်ရေးအတွက် ဒုက္ခရောက်မယ်ဆိုပြီး နေနေတဲ့ သူတွေအများကြီး။ ဒါကြောင့် ဒါမျိုးဖြစ်ရပ်တွေ ဖြစ်လာ တာပေါ့။ စစ်တပ်ကအရင်တည်းက အတွင်းထဲမှာပျက်စီးနေတဲ့ စိတ်ဓာတ်တွေ ပျက်ပြားပြီး ဒါမျိုးဖြစ်နေတယ်။ ခေါင်းဆောင်ပိုင်းကလည်း ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ဒီဗိုလ်မှူးက သူ့တပ်ထဲမှာ အကြီးဆုံးဆိုတော့ သူ့တပ်သားတွေရဲ့ အသက်ကိုငဲ့ကွက်ပြီးတော့ လက်နက်ချ အလင်းဝင်လိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။

သံလွင်တိုင်းမ် – အခုလို တပ်ရင်းတစ်ခုလုံး လက်နက်ချတဲ့ ကိစ္စအပေါ် တပ်တွင်းအခြေအနေက ဘယ်လောက် ထိ သက်ရောက်မှုကြီးလာနိုင်မလဲ။

CDM တပ်ကြပ်ကြီးဇေယျ – တပ်ရင်းတစ်ခုလုံးလက်နက်ချတာက စစ်တပ်ထဲမှာအတော်ဂယက်ရိုက်တာပေါ့။ ဒီတပ်ဆို ခမရခြေမြန်တပ်ပေါ့။ တကယ့်ရှေ့တန်းကနေ အသေခံတိုက်ရမယ့် တပ်မျိုးပေါ့။ ဒီလိုတပ်မျိုးက စစ်မတိုက်ပဲ လက်နက်ချသွားတော့ နောက်ကတခြားလက်ရုံးတပ်တွေကအတွက် လုံးဝစိတ်ဓာတ်ပျက်ပြားသွားတာပေါ့။ စိတ်ဓာတ်ကျစရာဖြစ်သွားတယ်။ နောက်က ဒီစစ်ဗိုလ်ချုပ်တွေက ထုတ်မပြောပေမယ့် တော်တော်ကြီးကို ပြဿနာကြီးတဲ့ အနေအထားရှိသွားတယ်။ သူတို့စစ်သားတွေကို သူတို့မယုံရတော့ဘူး။ ဒီလိုမျိုးသူတို့အမိန့်မနာခံရင် ဘယ်စစ်ဗျူဟာမှ ဖော်ဆောင်လို့ မရတော့ဘူးဆိုတာ သူတို့သိပါတယ်။

ဒါကြီးကတော့ သူတို့အတွက် အတော်ကြီးမားတဲ့ ပြဿနာဖြစ်တယ်။ အေးဆေးလက်နက်ချတဲ့သူတွေကို လူ့ကျင့်ဝတ်နဲ့အညီဆက်ဆံတယ်။ ထောက်ပံ့ကြေးတွေပါပေးပြီး မိသားစုနဲ့သွားလို့ရအောင် ဆွေမျိုးတွေနဲ့လည်း ပြန်တွေ့နိုင်တယ်။ ဒီဗျူဟာ အရမ်းကောင်းတယ်။ ဒီအတွက် နောက်လူတွေကလည်း  ကျိန်းသေတယ်။ ဒီသ တင်းကို ကြားတဲ့အချိန်မှာ ဒါမျိုးတွေ ပြင်ဆင်မှာပဲ။ အောက်ကငယ်သားအပေါ် ကောင်းတဲ့အရာရှိတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါမျိုးတွေက စစ်တပ်အပေါ် သက်ရောက်မှုက အတော်ကြီးတယ်ဆိုတာ သိသာပါတယ်။

သံလွင်တိုင်းမ် – တပ်မတော် အက်ဥပဒေအရ ရှေ့တန်းစစ်မြေပြင်မှာ ကတုတ်ကျင်းလေး တစ်ခုကိုစွန့်ရင်တောင် သေဒဏ်ပဲပေးတာမို့ ဒီလောက်ကြောက်စရာကောင်းတဲ့ ဥပဒေမှာ ငါမသေ ငါ့စခန်း မကျစေရ ဆိုတဲ့ စစ်တပ်ရဲ့ ဖိအားတွေ ရှိတာတောင် အခုလို တပ်ရင်းတစ်ခုလုံး လက်နက်ကျရတဲ့အပေါ် သုံးသပ်ပေးပါဦး။

CDM တပ်ကြပ်ကြီးဇေယျ – တပ်မတော်အက်ဥပဒေ၅၉မှာပဲ အခုကိစ္စဆို စစ်ဖြစ်နေတဲ့ကိစ္စမှာ တပ်ကိုစွန့်ခွာတာ။ ရိုးရိုးနောက်တန်းသာမန်အခြေအနေမှာ တပ်ကိုစွန့်ခွာတဲ့သူက ၁နှစ်၊၂နှစ်၊ ၃နှစ်လောက်ပဲ ထောင်ကျပေမယ့် အရေးပေါ်ဒီလိုကာလမှာ စွန့်ခွာရင် သေဒဏ်အထိ ပေးလို့ရတယ်။ ချက်ချင်းပစ်သတ်လို့လည်း ရတယ်။ အဲဒီလောက်အထိ အပြစ်ကြီးတယ်။ စစ်တပ်မှာက အခုလိုစုစည်းပြီး ငါတို့ လက်နက်ချကြမယ်၊ ဒီလိုမျိုးကိစ္စတွေ လုပ်ဖို့ မလွယ်ဘူး။ လက်နက်ချမယ်ဆိုတာက တော်ရုံစုစည်းဖို့မလွယ်ဘူး။ ကျွန်တော်တို့ စစ်တပ်မှာက လူကို တန်ဖိုးမထားဘူး။ လူရင်သေပါစေ ပစ္စည်းကိုပါအောင်ယူခဲ့။ တိုက်ပွဲတွေမှာဆို သေနတ်ကိုပြန်ရအောင် ဆွဲ တယ်။ အလောင်းကိုမဆွဲဘူး။ မကယ်ဘူးလူကို တန်ဖိုးမထားဘူး။ ဒါကိုစစ်သားတိုင်းက သိတယ်။ ခံရတဲ့စစ် သားတိုင်းသိတယ်။ စစ်ခေါင်းဆောင်တွေ အကုန်လုံးကလည်း စီးပွားရေးသောင်းကျန်းပြီးတော့ ကိုယ်ကျိုးရှာနေတယ်ဆိုတာ စစ်သားတွေက ပါးစပ်ကထုတ်မပြောရပေမယ့် အကုန်လုံးကသိတယ်။

သံလွင်တိုင်းမ် – လက်ရှိစစ်တပ်ရဲ့ လက်နက်ချ အလင်းဝင်မှုနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

CDM တပ်ကြပ်ကြီးဇေယျ – လက်နက်ချတာက ရှမ်းမြောက်တစ်ခုတည်း မဟုတ်ဘူး။ ရှမ်းမြောက်မှာ ပထမဦးဆုံးစဖြစ်တည်းကလည်း အယောက်၅၀ သူတို့မတိုက်ပဲ လက်နက်ချတယ်။ ရခိုင်ဘက်မှာဆို ဒါမျိုးဖြစ်စဉ်တွေ ဖြစ်တယ်။ အလွယ်တကူလက်နက်ချလိုက်တယ်။ ကရင်ဘက်မှာဆို ဒီအတိုင်းပဲ။ ကျွန်တော်တို့က ထွက်ပေါက် ပေးထားမယ်ဆို ကျိန်းသေတယ်။ သူတို့ထွက်ပေါက်ကနေထွက်ကြမှာ။ အဲဒီလိုမဟုတ်ပဲ စိတ်ခံစားချက်နဲ့ ငါတို့တုန်းက ခံခဲ့ရတယ်ပုံစံမျိုးနဲ့ သုံ့ပန်းကို သုံ့ပန်းလိုမထားပဲ သတ်ဖြတ်မယ်ဆို ဒီလိုလက်နက်ချတာတွေ ဖြစ်မလာဘူး။ သူတို့ကိုကောင်းမွန်စွာ လက်ခံတယ်။ လိုရာခရီးပို့ပေးတယ်။ ဒီလို စနစ်တကျပိုလုပ်လာမယ်ဆို ပိုပြီး လက်နက်ချမှုတွေများလာမယ်။ လက်နက်ချတဲ့တပ်တွေပိုပြီး များလာမယ်။

သံလွင်တိုင်းမ် – လက်နက်ချအလင်းဝင်မှုတွေကို ကြည့်လိုက်ရင် တပ်ပျက်နေပြီလားလို့ ပြောလို့ရမလား ဒါမှမဟုတ် မြန်မာ့တပ်မတော်ရဲ့ ရှေ့အလားလာက ဘယ်လိုဖြစ်မလဲ။

CDM တပ်ကြပ်ကြီးဇေယျ – တပ်ပျက်တာက အခုပေါ်ပေါ်တင်တင်ကို ဗရမ်းပတာပျက်နေတာ။ တပ်ကတော့ အရင်တုန်းတည်းက ပျက်နေတာ။ အရင်တည်းက နိုင်ငံတော်ဘဏ္ဍာကို လိမ်စားထုတ်စားနေတာ။ စစ်တပ်အမည်ခံ ဟိုပစ္စည်းဝယ် ဒီပစ္စည်းဝယ်နဲ့ ဘဏ္ဏာငွေတွေ သူတို့ကိုယ်ကျိုးအတွက်ဘုံးနေတာ စစ်ဗိုလ်ချုပ်တွေက။ အထဲမှာ ရာထူးပေးတာကအစ အကျင့်ပျက်ခြစားမှုတွေ၊ ဆရာမွေးတပည့်မွေးတွေနဲ့ စနစ်တကျအစောတည်းက ပျက်စီးနေတာ။ စစ်သားစုဆောင်းတာကအစ ကြေးစားစစ်သားလို ပိုက်ဆံနဲ့ဝယ်ပြီး စုဆောင်းနေတာ။ ထွက် ပြေးတယ်။ ပြီးရင်ခေါ်ထားတယ်။ ဒါမျိုးဖြစ်နေတာကြာပြီပေါ့။ စိတ်ဓာတ်တွေကလည်း အကုန်ပျက်စီးနေတာ။ အုပ်ချုပ်သူလူတန်းစား အခွင့်အရေးတွေ မျှော်ကိုးပြီးဝင်တယ်။ အုပ်ချုပ်သူလူတန်းစားတွေကလည်း အပြင်မှာ အရာမဝင်လို့ ဝင်တယ်။ ထမင်းငတ်လို့ ဝင်တယ်။ ပရမ်းပတာဖြစ်နေတာပေါ့။ ဒါကိုသူတို့က တပ်ကအခိုင်မာဆုံး ဆိုပြီး ဂျင်းထဲ့နေတာ။ တော်လှန်ရေးမဖြစ်ခင်တည်းက စစ်တပ်က ပျက်စီးနေတာ။

အထဲမှာကို စနစ်တကျပျက် စီးနေတာ။ အပြင်ကလူ သာမန်ကြည့်ရင် မသိသာဘူး။ အခုကတော့ လုံးဝပရမ်း ပတာကို တပ်ပျက်တဲ့ အနေအထားပဲ။ ဒီလိုစစ်ရေးအရှိန်နဲ့ ဆက်သွားမယ်ဆိုရင် လုံးဝ ပြိုပျက်သွားလိ့မ်မယ် ။အာဏာသိမ်းပြီးတော့တောင် ကျွန်တော်တို့ စီနီယာဆရာသမားတွေ ထုတ်ပြောတယ်။ တချိန်ကျရင် အခြေအ နေမကောင်းဘူး။ ပြန်ခံရလိမ့်မယ် ဒါမျိုးတွေ ဖြစ်လာတာ။ အခုလိုအခြေအနေမျိုးတွေ ဖြစ်လာဖို့ တပ်တွင်းထဲက နေ အပြင်ကိုမထွက်ရဲတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာဖို့ တွေးတတ်တဲ့ စစ်သားတွေက အတော်များများသိ ကြပါတယ်။ အခုကတော့ တပ်ကတော့ ပေါ်ပေါ်တင်တင် ပျက်သွားပါပြီ။ ဒီထက်ထပ်ပြီး ပျက်ဖို့ပဲရှိပါတယ်။ ပြန်ပြီးစုစည်းနိုင်တဲ့ အင်အားမရှိတော့ပါဘူး။ ပြည်သူလူထု ထောက်ခံမှု မရှိတော့တဲ့အတွက် ဘယ်လိုမှ ရပ် တည်လို့ မရနိုင်တော့ပါဘူး။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာရှိမလဲ။ ပြောပြပေးပါဦး။

CDM တပ်ကြပ်ကြီးဇေယျ – အဓိကက တော်လှန်ရေးအဖွဲ့တွေ အခုချိန်မှာလေ။ စစ်ရေးအရှိန်ကို အခုလိုအရှိန်မျိုးက ရဖို့ ခက်ခဲတယ်။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေက ဝိုင်းပြီး ညီညီညာညာနဲ့ ထတိုက်ပြီးပေါ့။  အလွယ်တကူလက်နက်ချနိုင်တယ်။  ကျွန်တော်တို့ ရဲဘော်တွေမှာ စိတ်ခံစားချက်ရှိတယ်။ စစ်တပ်က ရက်ရက် စက်စက် နှိပ်စက်တာ။ အဲစိတ်ခံစားချက်ကို ခဏဘေးဖယ်ထား၊ စစ်ရေးဗျူဟာအရ တွေးပြီးတော့ အဖမ်းခံရတဲ့ ပုဂ္ဂိုလ် တွေကို နောက်လူတွေအမြင်မှာ လူဂုဏ်သိက္ခာ စော်ကားတဲ့ပုံစံမျိုး  မဖြစ်စေပဲ စနစ်တကျသုံ့ပန်းဥပဒေအတိုင်း ထားပြီး သွေးထွက်သံယိုနည်းနည်းနဲ့ အလင်းဝင်လက်နက်ချတာ အများကြီးဖြစ်လာပြီး ကျွန်တော်တို့ တော်လှန်ရေးက အမြန်ဆုံးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.