နေပြည်တော်၊ နိုဝင်ဘာ ၁၇

စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကို နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ မြိုသိမ်းစခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်လာဖို့ မမျှော်လင့်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

မွန်ပြည်နယ်အခြေစိုက် ရာမည FM ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး သီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း နိုင်ကောင်းရွက်က မွန်ဘာသာနဲ့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ကောင်းရွက်က NCA ထိုးထားတဲ့အဖွဲ့တွေကို အကဲခတ်ကြည့်ရသလောက် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ဟာ NCA ကနေ ထွက်သွားပြီး ကျောင်းသားအဖွဲ့ ABSDF ကလည်း မိမိတို့နဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။

ကျန်ရှိတဲ့ NCA ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ ခွဲထွက်အဖွဲ့တွေဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- PC နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့အပါအဝင် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP တို့ဟာ လုံလောက်တဲ့ အင်အားမရှိဘူးလို့ ဆိုပါတယ်။

အဲဒီလိုအခြေအနေမှာ ဒီအဖွဲ့တွေ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ ပါတာဖြစ်စေ၊ မပါတာဖြစ်စေ မိမိတို့အနေနဲ့ အရမ်းကြီးမမျှော်လင့်ဘူးလို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မွန်ပြည်သစ်ပါတီဟာ မွန်လူမျိုးကိုထိခိုက်မှာ စိုးရိမ်နေတာကြောင့် သူတို့ပါတာ၊ မပါတာ သူတို့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ နိုင်ကောင်းရွက်က ပြောပါတယ်။

ဒါပေမဲ့ နိုင်ကောင်းရွက်ကတော့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ တိုင်းရင်းသားလူမျိုးတွေနဲ့ ကြည့်ရင် ပြည့်စုံနေပြီး ဒီတိုက်ပွဲမှာ မိမိတို့အနိုင်ရဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ နိုင်ကောင်းရွက် ပြောဆိုမှုအပေါ် အပစ်ရပ်ထိုးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ မွန်ပြည်သစ်ပါတီ၊ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်တို့ထံ ဖုန်းနဲ့ ၃ ကြိမ်ထက်မနည်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်အဖွဲ့ KIA ၊ ချင်းအဖွဲ့ CNF ၊ ကရင်နီအဖွဲ့ KNPP ၊ ကရင်အဖွဲ့ KNU နဲ့ ကျောင်းသားအဖွဲ့ ABSDF တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတာပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို အစပျိုးပြီး ဒီကနေ့အထိ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲနေတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ စစ်ရေးဗျူဟာနဲ့ပတ်သက်ပြီး နိုင်ကောင်းရွက်က စစ်တပ်ဟာ ပြည်သူလူထုကို အခြေခံတဲ့အတွက် လက်နက်တွေ လေယာဉ်တွေ ဘယ်လောက်ကောင်းကောင်း စစ်ထဲဝင်မယ့် သူမရှိရင် ဆုတ်ယုတ်သွားတဲ့ အင်အားကို ပြန်ဖြည့်ဖို့ မရှိသလို ပြည်သူလူထုက မထောက်ခံဘူးဆိုရင် ကျဆုံးမှာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရာမည အက်ဖ်အမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.