လွိုင်ကော် – နိုဝင်ဘာ ၁၇
ကယားပြည်နယ်၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ဖဖော်လမ်းနဲ့ ၅ လမ်းထောင့်မှာရှိတဲ့ တရားရုံး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ပြီးနောက် တရားရုံးမီးလောင်ခဲ့တယ်လို့ KNDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက လွိုင်ကော်ခရိုင်တရားရုံးအတွင်း နေရာ ၄ ခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီခရိုင်တရားရုံးဟာ အာဏာမသိမ်းခင်တည်းက ဒေသခံတောင်သူနဲ့ လူငယ်တွေကို မတရား ထောင်ချနေတဲ့ နေရာဖြစ်တဲ့အတွက် ဖြိုချခဲ့တာဖြစ်တယ်လို့ ခူးရီးဒူက ပြောပါတယ်။
“ကျွန်တော်တို့ကရင်နီ ပြည်သူပြည်သားတွေအတွက် ဘာတစ်ခုမှ အကျိုးမပေးတဲ့ နေရာဖြစ် တယ်။တရားမျှတမှုကိုစောင့်ကြည့်ခြင်းမပေးနိုင်တဲ့တရားရုံးဖြစ်လို့ ပျက်စီးယိုယွင်းနေတဲ့ နေရာကို ကျွန်တော်တို့က ဖြိုချလိုက်ခြင်းဖြစ်တယ်” လို့သူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့သူက ပြောပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဒီနေ့အထိ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ကယားပြည်နယ်အတွင်း ၁၁၁၁ စစ်ဆင်ရေးကို လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီစခန်း ၉ ခုရရှိထားသလို လွိုင်ကော်တက္ကသိုလ် ကိုလည်း ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF