ရွှေကျင် – နိုဝင်ဘာ ၁၇
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ် ကျားခေါင်းရွာအနီးက တောင်ပိုင်းတပ်စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ ခမရ ၃၅၁ တပ်ရင်းအခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ အတွက်သိမ်းပိုက်နိုင်ခဲ့တာပါ။
တိုက်ပွဲမှာ မိနစ် ၂၀ လောက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးအခြေအနေကို အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဆီက ၆၀ မမ ၁လက်၊၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jammer ၁ ခု၊ စကားပြောစက်အကြီး ၁ လုံး၊အီနာဂါ ၁၃ လုံး၊လက်ပစ်ဗုံး အလုံး ၂၀၊ RPG သီး ၂၂ လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ မြေမြှုပ်မိုင်း ၉ လုံးနဲ့ ၅.၅၆ ကျည် ၁၁၂၈ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ဖို့အတွက် တောင်ပိုင်းအမှတ် ၁၀၇ စစ်ဒေသနဲ့ မြောက်ပိုင်းအမှတ် ၂၀၃ စစ်ဒေသတို့မှာ မဟာမိတ်တွေနဲ့အတူ ညီညွတ်စွာ ပူးပေါင်းတိုက်ပွဲ ဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BPLA