မြိတ်၊ နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုအရှိန်မြှင့်တင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊တနင်္သာရီနဲ့ကျွန်းစုမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို စစ်ဆင်မှုမြှင့်တင်သွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး စစ်ကောင်စီဘက်ကကလည်း ခံစစ်အတွက် ပြင်ဆင်တာတွေ လုပ်ဆောင်နေတာပါ။
လတ်တလောမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတချို့ကို စတင်တိုက်ခိုက်နေပြီး နောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေအထိ ဆင်နွှဲနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြိတ်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ရေးအရှိန်မြှင့်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်စခန်းတွေအနီး သွားလာနေထိုင်တာမပြုလုပ်ဖို့နဲ့ ခရီးသွားလာရာမှာလည်း စစ်ရေးသတင်းတွေ အမြဲမပြတ် နားထောင်ပြီးလှုပ် ရှားသွားလာကြဖို့ တိုက်တွန်းတာပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးတွေကြောင့် နိုဝင်ဘာပထမအပတ်ကစပြီး ကျွန်းစုနဲ့မြိတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားသလို လုံခြုံရေးအင်အား တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း မြိတ်မြို့နယ် မွှေရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးထားပါတယ်။
မြိတ်မြို့ကလာတဲ့သတင်းတွေအရ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မြိတ်မြို့မှာ ခံစစ်အတွက် ကြိုတင်ပြင်ဆင်ထားသလို စစ်ကောင်တပ်စခန်းတွေကိုလည်း တပ်လှန့်ထားတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မြိတ်ခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ပုလောနဲ့တနင်္သာရီမြို့နယ်တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မြိတ်ပကဖ