မော်လမြိုင်၊ နိုဝင်ဘာ ၁၇
ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးနောက် မော်လမြိုင်တက္ကသိုလ်က Non CDM ဆရာ၊ဆရာမနဲ့ဝန်ထမ်းတချို့ နေရာပြောင်းရွှေ့ နေထိုင်တာတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီခန့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က အရေးပေါ်အ စည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပခဲ့ပြီး တက္ကသိုလ်အတွင်း လုံခြုံရေးတင်းကျပ်ဖို့နဲ့ အပြင်လူတွေ မဝင်ရောက်နိုင်အောင် စစ်ဆေးဖို့ ညွှန်ကြားလာတာပါ။
အဲဒီအစည်းအဝေးဟာ လာမယ့်ရက်ပိုင်းအတွင်း မော်လမြိုင်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လာရောက်တိုက်ခိုက်မယ့်အကြောင်း အကြောင်းကြားစာပို့ပေးခဲ့တယ်ဆိုပြီး အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပခဲ့တာပါ။
အစည်းအဝေးပြီးနောက် တက္ကသိုလ် Non CDM ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတချို့ ကျောင်းအတွင်း နေထိုင်လို့ မရဲတဲ့အတွက် ကျောင်းပြင်ပရှိ နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ အသိနေအိမ်တွေမှာ ပြောင်းရွေ့ နေထိုင်တာတွေ ရှိလာတယ်လို့ Non CDM အသိုင်းအဝိုင်းက ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မင်းသံစဉ်ဦးကတော့ တော်လှန်ရေးအင်အားစုတွေဘက်က မော်လမြိုင်တက္ကသိုလ်ကို ခြိမ်းခြောက်တာ မရှိသလို Non CDM ဝန်ထမ်းတွေအနေနဲ့ ကိုယ်လိပ်ပြာကိုယ့်လုံဖို့လိုတယ်လို့ မှတ်ချက်ပြုပါတယ်။
“တော်လှန်ရေးအင်အားစုနဲ့ PDF ပဲဖြစ်ဖြစ်ပေါ့နော်။ တော်လှန်ရေးလူငယ် အကုန်လုံးပါပါတယ်။ ကျွန်တော်ထင်တာတော့ ခြိမ်းခြောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လည်း ကြားတယ်။ သူတို့အရေးပေါ် အစည်းအဝေးခေါ်တယ်။ နောက်သတိပေးချက်လေးတွေတော့ ရှိတယ်။ ခြိမ်းခြောက်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရင်ကပြောခဲ့သလိုပဲ ကိုယ့်လိပ်ပြာကိုယ်လုံဖို့လိုတယ်။ ဆိုလိုချင်တာက အခုသူတို့လှုပ်ရှားနေတဲ့ အနေအထားတစ်ခုက သူတို့လိပ်ပြာသူတို့မလုံလို့ပဲ။ ဘယ်သူကမှ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်တာလည်းမရှိဘူး။ တက္ကသိုလ်တပ်ဝန်းထဲမှာ သူတို့ရှိနေတဲ့အတွက်လည်း သွားပြီးတော့ ဒီလိုအန္တရာယ်ဖြစ်စေမယ့် အရာကို လုပ်ဆောင်တာလည်း မရှိဘူး။ ဆိုလိုချင်တာက ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ပညာရေးစည်းမျဉ်းစည်းကမ်းအတိုင်းပဲလက်ရှိမှာ သွားနေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီခန့် မော်လမြိုင်တက္ကသိုလ် အာဏာပိုင်တွေဟာ တက္ကသိုလ်ဝန်ထမ်းတွေကို ဘယ်သူမှ အပြင်မထွက်ဖို့ ပိတ်ပင်ထားသလို ဝန်ထမ်းတွေအနေနဲ့ မိမိလုံခြုံရေး တာဝန်ယူဖို့၊ လုံခြုံရေးသတိ၊ အသိရှိကြဖို့ ညွှန်ကြားထားတာပါ။
ဒါ့အပြင် တက္ကသိုလ်အတွင်းရှိ မေဂျာအလိုက်ဌာနအသီးသီးမှာလည်း တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကနေ အမြဲမပြတ်စောင့်ကြည့်ဖိုနဲ့ မသင်္ကာတဲ့သူတွေ တွေ့ရှိပါကလည်း သက်ဆိုင်ရာ အဆင့်ဆင့်ကို အမြန်ဆုံးတင်ပြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
လွိုင်ကော်တက္ကသိုလ် သိမ်းပိုက်ခံရပြီးနောက် လွိုင်ကော်နဲ့လားရှို့တက္ကသိုလ်တွေရဲ့ အဝေးသင်စာမေးပွဲတွေကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ