မိုးဗြဲ – နိုဝင်ဘာ ၁၇

ကယားပြည်နယ်(ကရင်နီ)၊ မိုးဗြဲဒေသအခြေစိုက် စစ်ကောင်စီ ခမရ ၅၁၈ အပါအဝင် စစ်တပ် ခြေကုပ်စခန်း ၉ ခုနဲ့အတူ လက်နက်ခဲယမ်း အများအပြားသိမ်းယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး မဟာမိတ်အင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၅ ရက်တာအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးနဲ့ လက်နက်ကြီးအလုံးရေ ၅၀၀ ကျော်ပစ်ကူပေးခဲ့ပေမယ့်တော်လှန်ရေးအင်အားစုတွေ ကိုဟန့်တားနိုင်တာတော့မရှိခဲ့ပါဘူး။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ ခမရ ၅၁၈၊ဝါရီဆူဖလိုင်၊ဒုန်းဒူထန်၊ပွဲကုန်း ၃ ၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ပီကင်းကောခူ၊ဆောင်ကန်းနဲ့ စည်ကားစတဲ့ နေရာတွေမှာ ခြေကုပ်ယူထားတဲ့ စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီထဲက ခမရ ၅၁၈ တပ်စခန်းဟာ မိုးဗြဲမြို့က စက်တော်ရာတောင်ကုန်းမှာ ၁ နှစ်ကျော်ကြာ ခြေကုပ်ယူထားတဲ့တပ်စခန်းဖြစ်သလို စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဖယ်ခုံနဲ့ မိုးဗြဲတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ လက်နက်စွန့်ခွာထွက်ပြေးတာတွေရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးကို အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁)တပ်ရင်းတွေဖြစ်ကြတဲ့ (၁၀၀၁) တပ်ရင်း (မိုးဗြဲ တပ်ရင်း-၁)၊ ၁၀၀၂ (ဖယ်ခုံ တပ်ရင်း-၁)၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ တပ်ရင်း – ၂)၊ ၁၀၀၇ တပ်ရင်း (မိုးဗြဲ တပ်ရင်း-၂)၊ ၁၀၀၄ PKS PDF၊ ရှမ်းတောင်ဗျူဟာ (၂) တပ်ရင်းတွေဖြစ်ကြတဲ့ ၁၀၀၃ တပ်ရင်း၊ ၁၀၀၅ တပ်ရင်း၊ ၁၀၀၈ တပ်ရင်း၊ ၁၀၀၉ တပ်ရင်း၊ ၁၀၁၁ တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းတွေဖြစ်ကြတဲ့ KNDF တပ်ရင်း -၃၊ KNDF တပ်ရင်း-၁၁၊ KNDF တပ်ရင်း-၂၂ နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့က ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မိုးဗြဲ PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.