ပေါက် – နိုဝင်ဘာ ၁၆
မကွေးတိုင်း၊ပေါက်မြို့နယ် ဇီးပြားရွာရဲစခန်းနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှု ခံခဲ့ရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရပြီး လက်နက်ငယ်တချို့ဆုံးရှုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Mi-35 နဲ့ လေကြောင်းပစ်ကူပေးခဲ့တာ Rocket ၊စက်လက်တွေနဲ့ ပစ်ခတ်ခဲ့တာအပြင် ပေါက် က.ပ.စ ၂၄ ကလည်း ၁၂၀ မမလက်နက်ကြီး ပစ်ကူအကြိမ်ရေး ၁၀၀ ကျော် ပေးခဲ့တယ်လို့ သိရပါတယ်။
“မိမိတို့ကာကွယ်ရေးရဲဘော်တွေက ပျူရွာအား တစ်ရွာလုံးနီးပါး စီးနင်းနိုင်ခဲ့ပေမဲ့ ရန်သူ့ ဝိုင်းဝန်း ပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရတာကြောင့် မိမိတို့ ကာကွယ်ရေးရဲဘော် နှစ်ဆယ့်တစ်ဦး ကျဆုံးခဲ့ ပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲ့ရပါတယ်။”လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေး ရဲဘော်တွေက အီနာဂါ အလုံး ၁၀၀၀ ကျော်နဲ့ တိုက်ခိုက်ပြီး ဇီးပြားစခန်း ကို ချဉ်းကပ်တိုက်ခိုက်ခဲ့တဲ့အတွက် ပျူစောထီးကျေးရွာအတွင်းမှာရှိတဲ့ ဘန်ကာတွေနဲ့ ဘူတာရုံ မှာရှိတဲ့ ဘန်ကာတွေကို သိမ်းဆည်းနိုင်ခဲ့ပြီး ပျူစောထီးတွေ စခန်းပြုလုပ်နေတဲ့ အဆောက်အဦးတွေကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သူက ပြောပါသေးတယ်။
တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၃၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး ရှေ့ထွက်မိုင်း ၅ လုံးနဲ့ လက်ပစ်ဗုံး ၈ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဇီးပြားပျူစောထီးကျေးရွာ စခန်းကိုတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီအထိုင်စခန်းတွေ၊ ကန်နီပျူစောထီးကျေးရွာ၊ကိုင်းတောမရဲစခန်း၊တွင်းမပျူစောထီးစခန်း၊သရက်ကန်ပျူစောထီးစခန်းနဲ့ ပခုက္ကူတပ်မ – ၁၀၁ တို့ကိုလည်း ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးအပြင် Drone အသုံးပြုပြီး တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း- ၁၊၂ ၊ ပေါက်ကျေးရွာတပ်ဖွဲ့၊YRF-ပေါက်၊Earthquake Defence Force ၊ တောင်ညိုနဂါးတပ်ဖွဲ့ ၊ Royal 7တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိုင် ပ.က.ဖ