ပုလော၊ နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပုလောမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောစစ်ကြောင်း (၁) က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရဲတပ်သား အောင်ကိုဖြိုးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ပုလောမြို့နယ် ပေါင်းကျေးရွာ ဘုရားတောင်အရှေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုလောမြို့မရဲစခန်းက ရဲတပ်သား အောင်ကိုဖြိုးဟာ စစ်ကောင်စီရဲတပ်ဖွဲ့မှာ ၄ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး စခန်းကနေ ပေါင်းကျေးရွာအသွားမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ရဲတပ်သားအောင်ကိုဖြိုးဟာ စစ်ကောင်စီရဲ့ ထောက်တိုင်အဖြစ် ဆောင်ရွက်နေတဲ့အတွက် ဆက်လက်ဖမ်းဆီးထိန်းသိမ်းသွားမယ်လို့ ပုလောစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိတာ တစ်လနီးပါး ရှိပြီးဖြစ်ပေမယ့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုအပေါ် ဆောင်ရွက်နေတဲ့အတွက် သတင်းထုတ်ပြန်ဖို့ ကြန့်ကြာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး ပြည်သူတွေနဲ့ ပူပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ နီးပါး CDM ပြုလုပ်ထားတယ်လို့ အောက်တိုဘာလအတွင်း ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Palaw PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.