ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၈

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူ့နိုင်ငံအနေနဲ့ ပဋိပက္ခ ဒါမှမဟုတ် စစ်ပွဲကို လှုံ့ဆော်ခြင်းမရှိသလို နိုင်ငံရပ်ခြား နယ်မြေတွေကို တစ်လက်မတောင် ကျူးကျော်ထားတာမရှိဘူးလို့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံပြီးနောက် နာရီပိုင်းအကြာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးရဲ့ ဘေးဗန်းညစာစားပွဲမှာ ရှီက အခုလိုမှတ်ချက်စကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်-တရုတ်စီးပွားရေးကောင်စီနဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီတို့က စီစဉ်ကျင်းပတဲ့ အခမ်းအနားမှာ တရုတ်ရဲ့ တင်းကျပ်တဲ့ စီးပွားရေးကြီးကြပ်မှုနဲ့ နှစ်နိုင်ငံတင်းမာမှုတွေအပေါ် စိုးရိမ်တာကြောင့် မှတ်ချက်ပြုခဲ့တဲ့ ရှီရဲ့ပြောဆိုမှုတွေကို အနီးကပ်စောင့်ကြည့်လျက်ရှိနေတာဖြစ်ပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၇၀ တစ်လျှောက်လုံး တရုတ်ဟာ ပဋိပက္ခ ဒါမှမဟုတ် စစ်ပွဲတွေကို မဖြစ်ပွားစေခဲ့သလို နိုင်ငံခြားမြေ တစ်လက်မကိုမျှ သိမ်းပိုက်ခဲ့တာ မဟုတ်ဘူး”လို့ ရှီက ထပ်လောင်း ပြောကြားခဲ့တာပါ။

တွေ့ဆုံမှုအတွင်း ရှင်ကျန်း၊ တိဗက်နဲ့ ဟောင်ကောင်တို့အပါအဝင် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘိုင်ဒင်က စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ပါတယ်။

“သမ္မတဘိုင်ဒင်က နိုင်ငံတကာ လူ့အခွင့်အရေး ကတိကဝတ်တွေကို လေးစားလိုက်နာဖို့ဟာ နိုင်ငံအားလုံးရဲ့ တာဝန်အဖြစ် အလေးပေး ပြောကြားခဲ့ပါတယ်။ ရှင်ကျန်း၊ တိဗက်နဲ့ ဟောင်ကောင်တို့ရှိ တရုတ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ခဲ့ပါတယ်” လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကတော့ ၂၀၂၀ ခုနှစ်၊ ကပ်ရောဂါစတင်တဲ့နှစ်ကလည်း အိန္ဒိယနဲ့ တရုတ်တပ် တွေဟာ ဂါဝမ်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲပြီးတဲ့နောက်မှာလည်း နှစ်ဖက်စလုံးဟာ သဘောထား ကွဲလွဲမှုဆက်ရှိနေဆဲဖြစ်ပြီး ရှေ့တန်းနေရာတွေမှာ တပ်စွဲထားခဲ့တာဖြစ်ပါတယ်။

Ref: NDTV World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.