ကျိုက်မရော၊ နိုဝင်ဘာ ၁၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ နီးစပ်ရာကျေးရွာ ဘုန်းကြီးကျောင်းတွေနဲ့ရော်ဘာခြံတွေမှာ နေထိုင်နေရပြီး လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာတွေ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲအခြေအနေကတော့ ငြိမ်နေတယ်။ ဘာသံမှတော့မကြားတော့ဘူးပေ့ါလေ။ ဘာတွေဖြစ်သွားပြီလဲဆိုတာလည်း သေချာတော့ မသိဘူးပေါ့လေ။ တချို့ဘုန်းကြီးကျောင်းမှာနေပြီး ရှောင်တဲ့သူတွေလည်း အများကြီးပဲ။ ရွာမှာလည်း အများကြီးပဲ။ တချို့မြို့ဘက်ကိုပြေးတာက ကိစ္စမရှိဘူးလေ။ တချို့ကြတော့ ဘုန်းကြီးကျောင်းမှာ၊ ရွာမှာပိတ်မိနေတဲ့လူတွေအများကြီးပဲ” လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ နာမကျန်းဖြစ်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေပါ ပါဝင်နေပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုကအစ အကူအညီတွေ လိုအပ်လျက်ရှိနေပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် ချောင်းနှစ်ခွနယ်မြေရဲစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်လက်တပ်စွဲနေထိုင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေတာပါ။
ချောင်းနှစ်ခွတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ ပေါလော၊ ကျောက်ကွဲ၊ ကော့စပ်၊ သရက်ကုန်းအပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ် ၂ ဦး သေဆုံးကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးထားတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် ချောင်းနှစ်ခွ-ကြားအင်ဆိပ်ကြီး၊ ချောင်းနှစ်ခွ- မုဒုံလမ်းပိုင်း အသုံးပြုမှု ပိတ်ပင်ထားပါတယ်။
ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကေင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးပြီး ၂၈ ဦး လက်နက်ချ အညံ့ခံခဲ့သလို တော်လှန်ရေးအင်အားစုဘက်ကလည်း ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ SOF က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ