ကော်သူးလေ၊ နိုဝင်ဘာ ၁၆
ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၁ ရက်အတွင်း အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ကလေးအပါအဝင် ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဒူးပလာယာခရိုင်တွေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ပြုလုပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU သထုံခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၆ လုံး ထိခိုက်ပျက်စီး သွားခဲ့တယ်လို့ ဖော်ပြပါတယ်။
KNU ညောင်လေးပင်ခရိုင်ထဲမှာလည်း ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဦးဇင်း ၁ ပါး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရ ရှိခဲ့သလို နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရကာ ဒေသခံရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် KNU ဒူးပလာယာခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာစတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ KNU က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU