လွိုင်ကော် – နိုဝင်ဘာ ၁၆
ကယားပြည်နယ်၊လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ စွပ်စွဲတာဟာ မဟုတ်မှန်ဘူးလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာ့အလင်းသတင်းစာမှာ စစ်ကောင်စီနဲ့ အဖွဲ့အစည်း ၂၀ လောက်က အဲဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ ဖော်ပြလာတာဖြစ်ပြီး ဒီပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်သလို ကယ်ထုတ်ထားသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ တုံ့ပြန်လာတာပါ။
ဝန်ထမ်းတွေနဲ့ မိသားစုတွေဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာတည်းက တက္ကသိုလ်အတွင်းပိတ်မိနေတာဖြစ်ပြီး ပိတ်မိနေချိန်မှာလည်း စစ်ကောင်စီတပ်ကို ကယ်တင်ပေးဖို့ပြောပေမယ့် စစ်ကောင်စီဘက်က မလုပ်ခဲ့တာသာဖြစ်တယ်လို့ ဝန်ထမ်းတွေနဲ့ စကားပြောဆိုခဲ့သူ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။
“သေချာပေါက်ဖြစ်ပါတယ်။တိုက်ပွဲဖြစ်တာက ၁၁ရက်နေ့မှာပါ။အဲဒီအချိန်မှာ လွိုင်ကော်တက္က သိုလ်က အေးဆေးပဲဖြစ်ပါသေးတယ်။အဲဒီတော့အချိန်မရွေး လာကယ်လို့ရတယ်။သူတို့ကိုယ် တိုင်ကလည်း စစ်ကောင်စီကို ဖုန်းခေါ်ပြီးတော့မှ သူတို့ကိုလာခေါ်ထုတ်ဖို့အတွက် ပြောခဲ့ကြပါ တယ်။ဒါပေမဲ့ စစ်ကောင်စီ မလာခဲ့ဘူးခင်ဗျ။ကျွန်တော်တို့ဘက်က ဝင်သွားမှပဲ ပြန်ပြီးတော့ ခေါ်ထုတ်ခဲ့တာပါ။၄ရက်မြောက်မှပဲ ကျွန်တော်တို့ ခေါ်ထုတ်တာပါ။တစ်ရက်နှစ်ရက်ပိတ်မိပြီးတော့မှပဲကျွန်တော်တို့ခေါ်ထုတ်နိုင်ခြင်းဖြစ်ပါတယ်ပေါ့နော်။အဲဒီအချက်အလက်ကတော့အခြေခံ ဗီဒီယို ကလစ်ရဲ့ ရက်စွဲကို ဆန်းစစ်ပြီးကြည့်ရင် သိနိုင်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တက္ကသိုလ် ဝန်ထမ်းတွေကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးတွေနဲ့အညီ နေထိုင်စားသောက်ရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေပါပေးထားပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အစီအမံတွေအောက်မှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
KNDF စစ်ရေးချုပ် ခူးရီးဒူကလည်း စစ်ကောင်စီဟာ သူတို့လက်အောက်က လူတွေကို ကာကွယ်မပေးနိုင်တော့တာသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့က သူတို့ကို တိုက်ပွဲကြားကနေ ကယ်ထုတ်တာပေါ့လေနော်။ဒါက နံပါတ်တစ် အချက်၊နောက်တစ်ချက်က ဒါက သက်သေထူတယ်လို့ပြောလို့ရတယ်ပေါ့ စစ်ကောင်စီရဲ့ ယန္တယားတွေက ပြိုလဲနေပြီ ယိုယွင်းလာပြီပေါ့၊ နောက်တစ်ခုကတော့ စစ်ကောင်စီဟာ ဘယ်လို အခြေအနေမှသူ့လက်အောက်မှာရှိတဲ့လူတွေကို မကာကွယ်နိုင်ဘူး မပံ့ပိုးနိုင်ဘူးဆိုတဲ့ ဟာက သက်သေထူတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။” လို့သူက ပြောခဲ့ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တော်လှန်ရေးအဖွဲ့တွေဟာ တက္ကသိုလ်ကို လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ သူတို့ ရဲ့ လက်အောက်ခံတပ်က ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ လိမ်ညာထားပါတယ်။
ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ တက္ကသိုလ်ဝန်ထမ်းနဲ့ မိသားစုတွေကို ကားပေါ် တင်နေတဲ့ ရုပ်သံဖိုင်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပုံတွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကတော့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၈ ဦး ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်းမှာဖော်ပြထားတဲ့ Non-CDM ဆိုင်ရာ ပြဌာန်းချက်တွေ၊ လူ့အခွင့်အရေးတွေကို အခြေခံ ပြီး စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – IEC