ကိဗ်၊ နိုဝင်ဘာ ၁၇
ယူကရိန်းတပ်ဖွဲ့တွေဟာ ကြီးမားတဲ့ဒီနီပရိုမြစ်ကို ဖြတ်ကျော်ကာ ခါဆွန်ဒေသရှိ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေ တွေမှာ အဖွဲ့ငယ်တွေနဲ့ စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း ရုရှားက နိုဝင်ဘာ ၁၅ ရက်နေ့က ဝန်ခံ ပြောဆိုခဲ့ ပါတယ်။
ယူကရိန်းအနေနဲ့ တိုက်ခိုက်ရေးလမ်းကြောင်းသစ်ဖွင့်ဖို့ ကြိုးစားနေတာဖြစ်ပြီး ရုရှားတပ်တွေ အဓိက အားနည်းနေတဲ့ ဒီနီပရိုမြစ်အရှေ့ဘက်ကမ်းကို ဝင်ရောက်ပြီးခြေကုပ်ယူလာတာလည်း ဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရှုပ်ထွေးတဲ့ပထဝီဝင်အနေအထားရှိတဲ့ မြစ်အရှေ့ဘက်ကမ်းမှ ရုရှားတပ်ဖွဲ့တွေကို ပြန်လည်တွန်းလှန်ဖို့ကြိုးပမ်းနေတာလို့ ယူကရိန်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ယူကရိန်းတောင်ပိုင်းစစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှေ့တန်းရှိ ကိဗ်ရဲ့တပ်ဖွဲ့တွေဟာ ရုရှားတပ်တွေကို ဖိအားပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ဘက်က တွန်းလှန်တာက ကမ်းတလျှောက် ၃ ကီလိုမီတာကနေ ၈ ကီလိုမီတာ အကွာမှာရှိတဲ့ မျဉ်းပေါ်မှာ ဖြစ်ပါတယ်” လို့သူကဆိုခဲ့တာပါ။
“လောလောဆယ်မှာတော့ သတင်းအချက်အလက်တွေကို တိတ်တိတ်ဆိတ်ဆိတ် စုဆောင်းသွားမှာဖြစ်ပြီး အဲဒါက နောက်ပိုင်းမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို အစီရင်ခံနိုင်စေမှာပါ” လို့ လည်းဆက်လက် ပြော ပါသေးတယ်။
ယူကရိန်းနိုင်ငံ အရှေ့ဘက် အက်ဗီဒီကာမြို့ရှိ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲက ယူကရိန်း ထိန်းချုပ်ထားတဲ့ အရှေ့ပိုင်းမြို့ကို လအတန်ကြာ ရုရှားက မဆုတ်မနစ်တိုက်ခိုက်မှုတွေကြောင့် တန်ပြန် တိုက်ခိုက်မှုတွေလုပ်ဆောင်နေရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မော်စကိုရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ခါဆွန်ဒေသရဲ့ ရုရှားမှ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဗလာဒီမာ ဆယ်ဒိုကတော့ ယူကရိန်းတပ်ဖွဲ့တွေဟာ မြစ်ကိုဖြတ်ကျော်လာနိုင်ပေမယ့်လည်း ဆုံးရှုံးမှုတွေတော် တော်များများနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရထားလမ်းတံတားရဲ့ ကီလိုမီတာ ၂၀ အကွာရှိ ခါရန်ကီရွာအနီး ဧရိယာတစ်ဝိုက်မှာ အုပ်စုငယ်တွေဖြန့်ကျက်ထားတယ်လို့ သူကဆက်ပြောပါတယ်။
ရုရှားစစ်တပ်နဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဟိုလီဗာကာမြို့အနီး အရှေ့မြောက်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရုရှားစစ်တပ်ဘလော့ဂါတွေရဲ့ ရုပ်သံတင်ဆက်မှုတွေအရ သိရပါတယ်။
Ref: Reuters