ပေါက်တော၊ နိုဝင်ဘာ ၁၆
စစ်ကောင်စီတပ်တွေကို စခန်းသိမ်းတိုက်ပွဲတွေ စတင်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ဒီနေ့ နိုဝင်ဘာ ( ၁၆ )ရက် နံနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်ကနေ ရေကြောင်းရော၊ လေကြောင်းပါအသုံးပြုပြီး ပစ်ခတ်တိုက်ခတ်လို့ ပေါက်တော မြို့နေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စစ်ကောင်စီဟာ စစ်ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီး ပေါက်တောမြို့ကို ပစ်ခတ်တိုက်ခတ်နေတာပါ။နိုဝင်ဘာ (၁၆) ရက် ညနေငါးနာရီအချိန်ထိ ပစ်ခတ်နေဆဲဖြစ်ပြီးမြို့ပေါ်က ပရဟိတအသင်းတွေကိုယ်တိုင် ပြေးရှောင်နေရတာကြောင့် လူအသေအပျောက်၊ဒဏ်ရာရရှိသူတွေနဲ့ ပျက်ဆီးမှုစာရင်းအတိအကျကို မသိရ သေးဘူးလို့လည်း ဆိုပါတယ်။
ပေါက်တောမြို့နားသို့ စစ်ရေယာဉ် သုံးစင်းချဉ်းကပ်လာကာ နှစ်စင်းက ပစ်ခတ်နေတာဖြစ်ပြီး လေကြောင်း ကနေလည်း စစ်ရဟတ်ယာဉ်တစ်စီးနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ ပေါက်တောမြို့ခံ လူမှုပရဟိတအသင်း Pauktaw Human Rescue-PTHRအသင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လေကြောင်းက အပစ်ရပ်သွားတာ ငါးမိနစ်လောက်ပဲရှိသေးတယ် ။ အခြေအနေက တော်တော်ဆိုးတယ်။ ထိ ခိုက်ဒဏ်ရာအခြေအနေတွေက မသိရသေးဘူး။ မြို့ထဲတော့ မီးတွေလောင်နေလို့ လက်လှမ်းမီရာ အချင်းချင်းကူညီနေကြတယ်။ မြို့ကလူတွေက ရွာတွေဘက်ကို ရှောင်နေကြပြီ။ အခြေအနေက လူတွေခိုစရာ မရှိဘူး။ မြို့စွန်ဘုန်းကြီးကျောင်းတွေနဲ့ ကွင်းတွေဘက်ပြေးနေရပြီ။ ကျွန်တော်တို့ကိုယ်တိုင်တောင် ပြေးနေရတာ” လို့ သူကဆိုပါတယ်။
ဒီနေ့ နိုဝင်ဘာ (၁၆)ရက် နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကောင်စီကနေတ ပေါက်တောမြို့နေ ပြည်သူတွေကို မြို့ကိုစွန့်ခွာသွားကြဖို့ တစ်နာရီအချိန်ပေးမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ပြီး မကြာခင်မှာပဲ လေယာဉ်၊ ရေယာဉ်တွေနဲ့ ပေါက်တောမြို့နဲ့ အနီးနားကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ် ခတ်ခဲ့တာလို့ သိရပါတယ်။
ပေါက်တောမြို့မ ရဲစခန်းကို နိုဝင်ဘာလ (၁၅ )ရက်နေ့ ညမှာ AA က သိမ်းပိုက်ခဲ့ပြီး ဒီနေ့ နိုဝင်ဘာ (၁၆)ရက်နေ့ မနက်မှာ စစ်ကောင်စီ ဌာနဆိုင်ရာအားလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
အဲဒီနောက် နေ့လည်ပိုင်းမှာတော့ အခုလို စစ်ကောင်စီဘက်ကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ AA ကတော့ ပေါက်တောမြို့ကို သိမ်းပိုက်ထိန်းထားတဲ့သတင်းကို အခုအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ပေါက်တောမြို့ကို ဒီနေ့ နံနက် ၁၀ နာရီကျော်အချိန်ကလည်း စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးနဲ့ မြို့ပေါ်ကိုပစ်ခတ်မှုပြုလုပ်ခဲ့သေးတာကြောင့် အရပ်သားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလျက်ရှိတာပါ။
စစ်ကောင်စီရဲ့ နယ် ခြားစောင့်ရဲစခန်းတစ်ချို့နဲ့ နယ်မြေရဲစခန်းတွေကို သိမ်းပိုက်ရရှိထားပြီး ရဲစခန်း ၄၀ ခန့်ကလည်း စခန်းကိုစွန့်ခွာပြီး နီးစပ်ရာ စစ်ကောင်စီစစ်စခန်းတွေဆီပြောင်းရွှေ့သွားကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်အတွင်း အင်အားနည်းတဲ့ ရဲတပ်ဖွဲ့ဝင်စခန်းတွေကို စစ်နည်းဗျူဟာအရ အင်အားတစ်စုတစ်စည်းဖြစ်ဖို့ ပေါင်းစည်းထားလိုက်တာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မှာ ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ