မော်လမြိုင်၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် ပြည်သူတွေဟာ နေ့စဉ်အလုပ်သွားဖို့နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ပင် အခက်ကြုံနေရပြီလို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်သုံးဆီပြတ်လပ်မှုကို နိုဝင်ဘာပထမအပတ်က စတင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဆိုးဆိုးဝါးဝါး ပြတ်လပ်လာသလို စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူရတဲ့အထိ ဖြစ်ပေါ်လာနေတာပါ။
စက်သုံးဆီပြတ်လပ်မှုဟာ စစ်ကောင်စီဘက်က စက်သုံးဆီတွေကို လိုသလောက် မရောင်းပေးဘဲ ခွဲတမ်းနဲ့ ရောင်းချပေးတာ၊ နယ်မြေမတည်ငြိမ်မှုနဲ့အတူ လမ်းဆက်သွယ်ရေး အခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေး ကြန့်ကြာတာ၊ ဝယ်လိုအားမြင့်တက်နေတဲ့အတွက် ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေပါတယ်။
SME လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီတွေ လုံးဝဝယ်ယူလို့မရတဲ့အတွက် အလုပ်ရုံတွေ ယာ ယီရပ်နားလိုက်ရပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆီကတော့ တစ်မြို့လုံးပြတ်တာပေါ့။ ခက်တာပေါ့။ ရတဲ့နေရာလည်း ရတယ်။ မရတဲ့နေရာလည်း မရဘူးပေါ့။ အဲဒီလိုပုံစံမျိုးတော့ ရှိတာပေါ့။ လက်ရှိကတော့ ဆီဝယ်လို့မရလို့ ရပ်ထားတယ်။ လုပ်ငန်းရပ်ထားတယ်။ ဆီဝယ်လို့ မရလို့လေ၊ ဆိုးတာတော့ ဆိုးတယ်၊ အကုန်လုံးနီးပါးပဲ။ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူး၊ ထိခိုက်တာပေါ့။ လတ်တလော နားထားတယ်လေ၊ ဆီဝယ်လို့ မရလို့”လို့ ဆိုပါတယ်။
SME လုပ်ငန်းတွေဟာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ လျှပ်စစ်မီးရရှိမှု မမှန်တာကြောင့်လည်း လုပ်ငန်းတွေ မလည်ပတ်နိုင်တော့သလို အခုပြဿနာတွေကို ရေရှည်ကြုံတွေ့ရပါက လုပ်ငန်းတွေ လုံးဝရပ်နားထားရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။
အငှားယာဉ်မောင်းတစ်ဦးကလည်း စက်သုံးဆီ ရရှိရေးအတွက် ရောင်းချပေးတဲ့ဆိုင်တွေမှာ အပြေးအလွှား လိုက်လံဝယ်ယူနေရပြီး နောက်တစ်နေ့ အလုပ်လုပ်ဖို့အတွက်တောင် ခက်ခဲလာတယ်လို့ ပြောပါတယ်။
“အခုဓာတ်ဆီထည့်မယ့်ဆိုင် တစ်ဆိုင်မှမရှိဘူး။ ကျွန်တော်လည်း လိုက်ရှာနေတာ ဆီကုန်တော့မယ် ။ ဓာတ်ဆီဆိုင်တော့ တွေ့တယ်။ အကုန်လုံး လက်ခါပြနေတယ်ဗျာ ဆီမရှိဘူးဆိုပြီးတော့။ ပိုက်ဆံထုတ်ကိုင်ထားရင်တောင် ဆီမရဘူးဗျာ။ အခုဓာတ်ဆီကုန်သွားရင် အိမ်ပြန်ကားထားပြီးရင် ပြန်ထွက်လို့ မရတော့ဘူးဗျာ။ ဘယ်လောက်ခက်ခဲလဲဆိုရင် နောက်နေ့မနက်ဖြန်အတွက် ပိုက်ဆံရှာဖို့ ဘယ်လိုမှလုပ်လို့မရတော့ဘူး။ ဓာတ်ဆီမရှိတော့ရင်”လို့ ဆိုပါတယ်။
ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုဟာ 92 နဲ့ 95 ဓာတ်ဆီ အမျိုးအစား စက်သုံးဆီအများဆုံးပြတ်လပ်နေပြီး တချို့စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဒီဇယ်ဆီကအစ ပြတ်လပ်နေတာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးကတော့ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီမရှိတဲ့အတွက် လမ်းဘေးကဆိုင်တွေမှာ တစ်ဗူးကို ၃၀၀၀ ကျပ်ပေးပြီး ဝယ်ယူနေရသလို ဒုက္ခမျိုးစုံရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
“လမ်းဘေးမှာ တစ်ဗူးသုံးထောင်နဲ့ ဝယ်နေရတယ်။ အဲတောင်မရောင်းပေးချင်ဘူး။ ပြောတာတော့ ဆီဝယ်လို့ မရဘူးတဲ့၊ မရောင်းတော့ဘူးတဲ့ အဲဒီလိုပြောတယ်။ မီတာခကတစ်ခါကျပြန်၊ ရေဖိုးကပေးရတယ်။ ကားကမောင်းဖို့ ဆီမရှိ။ ဒီကြားထဲမှာ သူတို့အမျိုးပဲ ရောင်းပေးတယ်။ ကိုယ်တွေသွားဝယ်ရင် မရတော့ဘူးတဲ့ လက်ခါပြီး ပြောတာရှိတယ်။ အနားရောက်ရင် ဆီကုန်ရတာနဲ့၊ ဆီမရောင်း ပေးတော့တာနဲ့၊ အဲဒီလိုမျိုး ပြောတာတွေ ရှိတယ်။ ကျွန်တော်တို့ ဘဝတွေက ဒုက္ခတွေ ဘယ်လိုလုပ်ကျလာတာလဲ”လို့ ဆိုပါတယ်။
စက်သုံးဆီတွေ ပြတ်လပ်နေပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီတွေကို အရင်အတိုင်း ပုံမှန်ရောင်းချပေးနေတယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ပြောဆိုထားပါတယ်။
မွန်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စက်သုံးဆီပြတ်လပ်မှုကို သုံးကြိမ်ထက်မနည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ အဆိုးဝါးဆုံး စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ