ဂျာကာတာ၊နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်ဖို့ ရုန်းကန်နေရတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစ္စရေး-ဟားမတ်စ်စစ်ပွဲ အဆုံးသတ်ဖို့နဲ့ ဂါဇာမှာ လူသားချင်းစာနာ ထောက်ထားရေးအကူအညီရရှိဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီသီတင်းပတ်ထဲမှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ ပျက်ကွက်တဲ့ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး တက်ရောက်ခွင့်မရတဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်သဘော‌ဆောင်တဲ့ အဖြေတစ်ခုရှာဖို့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပံ့ပိုးကူညီမယ်ဆိုရင် အင်ဒိုနီးရှားက အားပေးပါတယ်” လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အထူးသံတမန်အကျိုးဆောင်ပေးမယ့် အစုအဖွဲ့ အသီးသီးကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့၊လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပို့ဆောင်ခွင့်ပေးဖို့ စတဲ့အချက်တွေကို ၂၀၂၁ ခုနှစ်တည်းက ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီဘက် လိုက်နာခဲ့တာ မရှိပါဘူး။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပူးတွဲထုတ်ပြန်ချက်အရ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပြိုင်တောင်းဆိုနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ကျူးကျော်ရန်စမှု ကင်းရှင်းရေး သဘောတူညီချက်တစ်ရပ် စေ့စပ်ဆွေးနွေးဖို့လည်း အစုအဖွဲ့အသီးသီးကို တောင်းဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ထိန်းသိမ်းဖို့နဲ့ အငြင်းပွားရေးပိုင်နက်အတွင်း ပဋိပက္ခတွေ တားဆီးဖို့အတွက် နိုင်ငံတကာစည်းမျည်းတွေ လေးစားလိုက်နာဖို့လည်း အသိပေးထားပါတယ်။

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဆူဘီရန်တိုက ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသအတွက် အလွန်စိတ်မကောင်းဖြစ်ရသလို အကူအညီတွေအတွက် ဘေးကင်းသော လမ်းကြောင်းတစ်ခု လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာ့အရေး ရုန်းကန်နေရဆဲဖြစ်တဲ့ အာဆီယံဟာ အစ္စရေး-ဟားမက်စ် စစ်ပွဲနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် မထုတ်သေးတာဟာ အဖွဲ့ဝင်တစ်ဦးချင်းအနေနဲ့ ပဋိပက္ခကို ကွဲပြားစွာ ရှုမြင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Ref: AP/ec

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.