လောက်ကိုင်၊ နိုဝင်ဘာ ၁၆
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တစ်နိုင်ငံလုံးနီးပါး ထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်သားတွေ လက်နက်ချပြီး အသက်မသေရေး လမ်းစဉ်ရွေးချယ်လာကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာပထမအပတ်က အစပျိုးခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တိုက်တွန်းရာကနေ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ ရှိလာတာပါ။
အဲဒီလက်နက်ချတဲ့ထဲက မြန်မာစစ်တပ်သမိုင်း လွတ်လပ်ရေးရပြီးစကာလမှာ တပ်ရင်းအလိုက် တောခိုတာကလွဲရင် အဲဒီနောက်ပိုင်း ပထဆုံးကြိမ်အဖြစ် ခမရတပ်ရင်းတစ်ရင်းလုံး ကိုးကန့်အဖွဲ့ MNDAA ထံ အလင်းဝင်လာတာပါ။
“တပ်ရင်းတစ်ရင်းလုံး လက်နက်ချတဲ့ဖြစ်စဉ်က စစ်တပ်ထဲ ဂယက်ရိုက်တာပေါ့။ ဘယ်လိုလဲဆို လက်ရှိဒီတပ်ဆို ခမရ ခြေမြန်တပ်ပေါ့။ တကယ့် တိုက်ရခိုက်ရမယ့် ရှေ့တန်းကနေ အသေခံတိုက်ရမယ့်တပ်မျိုး။ ဒီလိုတပ်မျိုးက စစ်မတိုက်ဘဲနဲ့ ဒီလိုမျိုးလက်နက်ချသွားတဲ့အချိန်မှာ တခြားလက်ရုံးတပ်တွေအတွက် လုံးဝစိတ်ပျက်စရာ ဖြစ်သွားတာပေါ့”လို့ CDM လေတပ် တပ်ကြပ်ကြီးဇေယျ က ပြောပါတယ်။
တပ်မတော်အက်ဥပဒေ ပုဒ်မ ၅၉ အရ ဒီလိုမျိုး စစ်ဖြစ်နေတဲ့ကာလမှာ တပ်ကိုစွန့်ခွာထွက်ပြေးမှုဟာ သေဒဏ်အထိ ချက်ခြင်းပစ်သတ်လို့ရတဲ့ ဖိအားတွေရှိနေတဲ့ အနေအထားမှာ တပ်ရင်းတစ်ရင်းလုံး လက်နက်ချတာဟာ တော်ရုံမလွယ်ဘူးလို့ သူကထောက်ပြပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လက်နက်ချအလင်းဝင်လာတဲ့ တပ်ရင်းဟာ ကိုးကန့်အထူးဒေသ (၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း အမှတ် (၁၂၉) ခြေမြန်တပ်ရင်း ဖြစ်ပါတယ်။
တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ ခမရ ၁၂၉ က အရာရှိစစ်သည် ၁၂၆ ဦးနဲ့ မိသားစုဝင် ၁၃၄ ဦး စုစုပေါင်း ၂၆၂ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ ကို့ကန်အဖွဲ့ MNDAA ထံ ဆက်သွယ်ပြီး အလင်းဝင်လာတာပါ။
“နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဗိုလ်မှူးကျော်ရဲအောင်က သူ့ကိုယ်ရံတော်နှစ်ယောက်နဲ့လာပြီး ကျွန်တော်တို့နဲ့ အဆက်အသွယ်လုပ်လာတယ်။ အလင်းဝင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးပြီး သူပြန်သွားတော့ တပ်ရင်းတစ်ရင်းလုံးကိုသူစုရုံးပြီး ကျွန်တော်တို့ဆီ အလင်းဝင်လာခဲ့ပါတယ်ဗျ”လို့ ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နောက်ထပ်ဝင်ရောက်လာကြမယ့်မြန်မာ့တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်တွေကိုလည်း ထပ်မံဖိတ်ခေါ်မှုတွေ လုပ်ဆောင်နေပြီး တပ်ရင်းမှူး ကျော်ရဲအောင်လိုမျိုး သူရဲကောင်းတွေ နောက်ထပ်ပေါ်ထွက်လာမှာကိုလည်း အပြည့်အဝယုံကြည်တယ်လို့ ဆိုထားပါတယ်။
ကယားပြည်နယ်(ကရင်နီ)မှာလည်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို လက်နက်ချအညံ့ခံဖို့ အခွင့်အရေးပေးခဲ့တာကြောင့် တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို ဦးစီးတဲ့တပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNDF က နိုဝင်ဘာ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်အတွင်း စစ်မျက်နှာဖွင့်ပေးလိုက်ချိန်မှာတော့ အပေါက်ဝရဲစခန်းက တပ်ဖွဲ့ ဝင် ၂၂ ဦးနဲ့အခြားရဲစခန်းက တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တာပါ။
အလားတူ မွန်ပြည်နယ်က ချောင်းနှစ်ခွတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီအနေနဲ့ အသေခံတိုက်မယ့် တပ်သားတွေ ဆုံးရှုံးရုံသာမက ရှမ်းမြောက်က တပ်စခန်းပေါင်း ၁၇၀ နီးပါးနဲ့ မြို့ ၆ မြို့အပါအဝင် စစ်ကိုင်း၊ ချင်းနဲ့ ကရင်နီတို့မှာ ၁၀ မြို့ထက်မနည်း လက်လွှတ်ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်တပ်အနေနဲ့ တိုင်းစစ်ဌာနချုပ်ရှိတဲ့ မြို့ကြီးတွေမှာ ခံစစ်အတွက် ပိုပြင်ဆင်သလို ခုခံသင့်တဲ့နေရာတွေမှာလည်း အင်အားကို တစ်နေရာတည်း စုစည်းပြီး ပြန်လည်ခုခံဖို့လုပ်လာနိုင်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်။
“တိုင်းစစ်ဌာနချုပ်ရှိတဲ့ မြို့ကြီးပြကြီးတွေမှာ ပိုပြီးခံစစ်ပြင်မယ်။ စခန်းတွေကျတာ ဖြစ်စေ၊ သူတို့အနေနဲ့စွန့်ပြီး ခုခံသင့်တဲ့နေရာတွေမှာ အင်အားကို တစ်နေရာတည်းစုစည်းပြီး ပြန်လည်ခုခံဖို့ လုပ်လာနိုင်တဲ့ အနေအထားမျိုးရှိတယ်။ တချို့ကျတော့ စခန်းတွေကျရင်လည်းကျပါစေ၊ အသေခံပြီး တိုက်ခိုင်းတဲ့သူတွေရှိသလို လွယ်လွယ်ကူကူဆွဲထုတ်လို့ရမယ့် အနေအထားမျိုးမှာ ဆွဲထုတ်ပြီး အဓိကကျတဲ့ မြို့ကြီးပြကြီးတွေမှာပဲ ခံစစ်ကို ပိုမိုပြင်လာနိုင်မယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရေးအရ အင်အားပြုန်းတီးမှုတွေအပါအဝင် စ ခန်းစွန့်ခွာထွက်ပြေးတာတွေ လက်နက်ချအညံ့ခံလာနေကြတဲ့ တပ်သားတွေကြောင့် တိုက်ခိုက်ရေးမဟုတ်တဲ့ တပ်အင်အားတွေကို ထုတ်နှုတ်အသုံးပြုနေရတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီအခြေအနေမှာ စစ်တပ်က နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုတဲ့ သဘောထားမရှိရင် အဆုံးအဖြတ်တိုက်ပွဲ မကြာခင်ဆိုက်ရောက်လာတော့မယ်လို့ သုံးသပ်ပါတယ်။
“ဘယ်လိုပုံစံပဲဖြစ်ဖြစ် တပ်ကတော့ ပြိုနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီတော့ အခုအခြေအနေကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့ သူ့အနေနဲ့ ဝန်ခံကတိတည်ချက် ပေးချင်ပေးမယ်။ ဆိုလိုတာက ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းမယ်။ နောက်ပြီးတော့ စစ်တပ်နိုင်ငံရေးက ထွက်ခွာမယ်ဆိုတဲ့ သဘောထားတွေကို ကူးပြောင်းလာလို့ရှိရင် ကျွန်တော်တို့ ဆွေးနွေးပွဲလေးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို သဘောထား မရှိဘူးဆိုရင်တော့ အဆုံးအဖြတ်တိုက်ပွဲတွေကတော့ မကြာခင် ဆိုက်ရောက်လာတော့မှာဖြစ်တယ်”လို့ သူက ဆိုပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံအရ ချောင်းနှစ်ခွတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ပစ္စည်းတွေ သိမ်းယူရာမှာ “ဘာမှမရှိတော့ဘူး၊ အင်္ကျီပဲကျန်တော့တယ်၊ ရေလေးတိုက်ပါဦး” ဆိုတဲ့ အသံတွေပဲ ပြောရဲတော့တာပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှု အစောပိုင်းကာလမှာ ပြည်သူတွေကို “သေရဲတဲ့ကောင် ထွက်ခဲ့”ဆိုတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စိန်ခေါ်သံတွေဟာ လက်ရှိမှာတော့ “အသေခံတိုက်မလား၊ လက်နက်ချမလား”ဆိုတာပဲ ဆုံးဖြတ်ရမယ့် အခြေအနေရောက်နေပြီ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-The Kokang