ထားဝယ်၊ နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် လယ်ယာလုပ်သား ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ခရီးသွားပြည်သူတွေကို စစ်ဆေးနေတဲ့ ယာဉ်ထိန်းရဲအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာဖြစ်ပွားခဲ့ပြီး အလစ်ငိုက်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီဘက်က ထိခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၃ ဦးထိခိုက်သွားတယ်လို့ ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အိမ်ရှေ့ပြင်ဂိတ်အနီး လယ်ကွင်းထဲမှာ သီးနှံစိုက်ပျိုးနေတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို စစ်ကောင်စီက ဘယ်ကိုဖမ်းဆီးသွားလဲဆိုတာ မိသားစုဝင်တွေ လိုက်လံစုံစမ်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်တပ်ရဲ့ အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် ဒေသခံ ၁၇၆၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာအညွှန်း – ထားဝယ်ပစ်ခတ်မှုဖြစ်ပွားရာ နေရာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.